မြန်မာနိုင်ငံမှာနေ မြန်မာလူမျိုးဖြစ်လို့ နေ့တိုင်းတော့ မြန်မာစကားကိုပြော၊ မြန်မာစာကို ဖတ်နေကြရတာပါပဲ။ ပြည်တွင်းကပုဂ္ဂလိက ကျောင်းတွေနဲ့ နိုင်ငံတကာကျောင်း (International School) တွေမှာ မြန်မာစာဘာသာရပ်ဟာ တိုင်းခြားဘာသာရပ်တစ်ခုလို ဖြစ်လာနေပါတယ်။
အကြောင်းကတော့ အဲဒီကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူတွေဟာ အဆင့်မြင့်တဲ့ ပညာရေးကို ရယူနေကြပေမဲ့ မြန်မာစာအတွက် ပြင်ပမှာ ဆရားငှားပြီး သီးခြားထပ်မံသင်ယူနေရတာကြောင့်ဖြစ်ပါတယ်။
ပြည်တွင်းမှာရှိတဲ့ နိုင်ငံတကာကျောင်းတချို့ဆိုရင်လည်း သူတို့ကျောင်းတွေမှာ မြန်မာစာဘာသာရပ်ကို သင်ကြားပေးတာ မရှိတော့ပါဘူး။ မြန်မာစာအပေါ် ကျောင်းသားကျောင်းသူတွေ စိတ်ဝင်စားမှုနဲ့ တန်ဖိုးထားမှု လျော့နည်းလာတာဟာ မြန်မာစာအနာဂတ်အတွက် စိုးရိမ်ဖွယ်ရာဖြစ်ပါတယ်။
လူမျိုးတစ်မျိုးရဲ့ ဘာသာစကားဟာ အဲဒီလူမျိုးရဲ့ ယဉ်ကျေးမှုအဆင့်အတန်းဖြစ်တယ်ဆိုပြီး ပြောစမှတ်ရှိကြပါတယ်။ ရေနဲ့ကြာလို စာပေမြင့်မှ ယဉ်ကျေးမှုလည်း တင့်ပါလိမ့်မယ်။
လူငယ်တို့အတွက် ခေတ်ကြီးက တိုးတက်တဲ့အမြင်နဲ့ တိုးတက်တဲ့ အယူအဆကို တောင်းဆိုနေပါတယ်။ အဲဒီလို တိုးတက်တဲ့အမြင်၊ တိုးတက်တဲ့အယူအဆကို သဘောတူလက်ခံကျင့်သုံးနိုင်သလို ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတို့ရဲ့ ယဉ်ကျေးမှုကို ညွှန်းဆိုတဲ့ ဘာသာစကားကိုလည်း အလေးထားအပ်ပါတယ်။
မြန်မာစာဘာသာရပ် ဒီအခြေအနေကို ရောက်ခဲ့တာကလည်း လွယ်လွယ်ကူကူရောက်ခဲ့တာ မဟုတ်ပါဘူး။ မြန်မာစာကို တက္ကသိုလ်မှာသင်နိုင်ဖို့အရေး မြန်မာစာပညာရှင်ကြီးတွေက အပတ်တကုတ်ကြိုးစားခဲ့ကြရတာ ဖြစ်ပါတယ်။
ဒီတစ်ပတ်မှာတော့ Build Myanmar Media လူငယ်ပရိသတ်တွေအတွက် ဒီအကြောင်းကို ပြောချင်ပါတယ်။
အခင်းအကျင်း
အချိန်က ၁၉၂၀ ဝန်းကျင်။ အင်္ဂလိပ်က မြန်မာတစ်နိုင်ငံလုံးကိုအုပ်ချုပ်နေတာ ၂၅ နှစ်မြောက်အချိန်ပါ။ ၂၀ ရာစုထဲအဝင် ဒီကာလတဝိုက်ဟာ မြန်မာနိုင်ငံအတွက် ထူးခြားတဲ့ကာလဖြစ်ပါတယ်။ ဘာတွေထူးခြားတာလဲဆိုတော့ -
၁) ဖေ၊ပု၊ရှိန်ဆိုတဲ့ လူစွမ်းလူစရှိတဲ့ မြန်မာမျိုးချစ်ပုဂ္ဂိုလ်ကြီးတွေ အင်္ဂလန်သွား အုပ်ချုပ်ရေးသစ်တောင်းပြီး သိပ်မကြာသေးတဲ့အချိန်ဖြစ်ပါတယ်။
၂) အင်္ဂလိပ်လက်အောက်က မြန်မာလူမျိုးတွေကြားထဲ နိုင်ငံရေးအသိ၊ နိုင်ငံရေးအမြင် စတင်နိုးကြားလာတဲ့ မြန်မာ့နိုင်ငံရေး နိုးကြားမှုခေတ်ဦးကာလဖြစ်တယ်။
၃) အဲဒီအချိန်မတိုင်ခင်က ရန်ကုန်ကောလိပ်နဲ့ ဂျပ်ဆင်ကောလိပ်ဟာ ကာလကတ္တားလက်အောက်ခံဖြစ်တယ်။ ရန်ကုန်တက္ကသိုလ်ဆိုတာလည်း မရှိသေးပါဘူး။ ဒါပေမဲ့ တက်ကြွတဲ့မြန်မာမျိုးချစ်တွေ တောင်းဆိုလွန်းလို့ အင်္ဂလိပ်က ၁၉၂၀ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ပြဌာန်းပြီး ရန်ကုန်တက္ကသိုလ်တည်ထောင်ပေးတဲ့အချိန်ဖြစ်ပါတယ်။
မြန်မာစာ ခေတ်ဦးပိုင်းအခြေအနေ
ကိုလိုနီခေတ် ၁၉၂၀ ဝန်းကျင် မြန်မာစာအခြေအနေက အတော်ဆိုးပါတယ်။ ဘာတွေ ဘယ်လိုဆိုးလဲဆိုတာကို မြင်သာအောင်ပဲ ခြုံငုံပြောပြပါရစေ။
ဒီနေ့ခေတ်လို ရှင်းလင်းပြေပြစ်တဲ့ မြန်မာစကားပြေရေးဟန်မရှိဘူး။ မြန်မာစာနဲ့ပတ်သက်ရင် ရတု၊ လင်္ကာ၊ ပျို့၊ ကဗျာတွေပဲ ရှိပါတယ်။ ရေးတဲ့လူတွေကလည်း ရှေးခေတ်က မင်းခစား ပညာရှိတွေ၊ စာတတ်ပေတတ် ပညာရှိ ဘုန်းတော်ကြီးတွေ။ သူတို့ရေးတဲ့ စာတွေကလည်း အရှိအတိုင်းပြောရရင် ဘုန်းတော်ဘွဲ့တွေ၊ တောအကြောင်း၊ တောင်အကြောင်း၊ ရာသီဥတုအကြောင်းတွေနဲ့ ဘုရားဟောဇာတ်တော်တွေက အများဆုံးဖြစ်ပါတယ်။ အဲဒါတွေကို သာမန်ပြည်သူက အရသာခံပြီး မဖတ်နိုင်ပါဘူး။
ဒါ့အပြင် မြန်မာစာအုပ်လည်း များများစားစားမရှိပါဘူး။ မရှိဘူးဆိုတာ မရှိသလောက်ကို ရှားတယ်လို့ ပြောချင်တာပါ။
၁၉၂၀ မှာ ရန်ကုန်တက္ကသိုလ်တည်ထောင်တော့ မြန်မာစာဌာနဆိုတာလည်း သီးသန့်ဌာနတစ်ခုအနေနဲ့ မရှိပါဘူး။ မြန်မာစာကို အရှေ့တိုင်းပညာရပ်အောက်က ဘာသာရပ်တစ်ခုအနေနဲ့ပဲ သင်ကြားရတာပါ။ ဘာသာရပ်ဆိုလို့ အထင်မကြီးပါနဲ့။ စာစီစာကုံးကို မြန်မာစာဘာသာရပ်တစ်ခုအနေနဲ့ သင်တာဖြစ်ပါတယ်။
တက္ကသိုလ်ပေါ်ပေါက်ပြီး ၄ နှစ်အကြာ ၁၉၂၄ မှာ ရန်ကုန်တက္ကသိုလ်ဟာ အဘက်ဘက်က တိုးတက်လာခဲ့ပေမဲ့ အဲဒီလိုတိုးတက်လာတဲ့အထဲမှာ မြန်မာစာ မပါခဲ့ပါဘူး။
အချက်အလက်အရကြည့်ရင် ၁၉၂၄ ခုနှစ် ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာ ဆရာဆိုလို့ ဆရာပွားနဲ့ မြန်မာ-ပါဋ္ဌိဆရာ ဝိဇ္ဇာဘွဲ့ရ ကထိက ဆရာဦးဘကျားတို့ပဲရှိပါတယ်။ စုစုပေါင်းမှ နှစ်ယောက်တည်းပါ။ မြန်မာစာ ပြဌာန်းစာအုပ်လည်း မရှိသေးပါဘူး။ မြန်မာစာသင်ကြားရေးစနစ်လည်းမရှိသလို မြန်မာစာဌာနဆိုတာလည်း မရှိဘူးဆိုပြီး တွေ့ရမှာပါ။
ပြီးတော့ အဲဒီခေတ်ဟာ အင်္ဂလိပ်အုပ်ချုပ်တဲ့ကာလဖြစ်လို့ ရုံးသုံးစာကလည်း ဒီနေ့ခေတ်လို မြန်မာစာ မဟုတ်ပါဘူး။ အင်္ဂလိပ်စာပါ။ အင်္ဂလိပ်စာတတ်မှ လူရာဝင်တဲ့ခေတ်ဖြစ်ပါတယ်။ ဒီလောက်ဆိုရင် အဲဒီခေတ် တက္ကသိုလ် မြန်မာစာ အခြေအနေမှန်ကို ခြုံငုံသုံးသပ်နိုင်မှာ ဖြစ်ပါတယ်။
ဂန္ထဝင်ဖြစ်မယ့် ဦးဖေမောင်တင်
ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာ အဲဒီလိုကပ်ဆိုက်နေတုန်း ကယ်တင်ရှင်ဖြစ်လာမဲ့ ဆရာကြီးဦးဖေမောင်တင်က အင်္ဂလိပ်အစိုးရပညာတော်သင်အဖြစ် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်မှာ ပညာသင်နေတာပါ။ ဆရာကြီးဦးဖေမောင်တင်က ရန်ကုန်ကောလိပ်မှာ ပထမဆုံး ပါဠိပါမောက္ခဖြစ်ပြီး အဲဒီနောက်ပိုင်းကျမှ အင်္ဂလန်ကို ပညာတော်သင်သွားရတာပါ။ နောက်ပိုင်း ၁၉၃၆ ကျ ရန်ကုန်တက္ကသိုလ်မှာ ပထမဆုံးမြန်မာလူမျိုး ပါမောက္ခဖြစ်လာပါတယ်။
ဒီတော့ အင်္ဂလန်ကနေ ဦးဖေမောင်တင်ပြန်လာတဲ့အခါ မြန်မာစာသင်ကြားရေးကို ချဲ့ထွင်သင်ကြားဖို့ အရေးဆိုပါတယ်။ ဒီလိုအရေးဆိုတော့ ဆီးနိတ်က လက်ခံပြီး ၁၀ တန်းအောင်ရင် မြန်မာစာသင်ရမယ်ဆိုတာ ဖြစ်လာပါတယ်။ အဲဒီမှာလည်း မြန်မာဖြစ်ခြင်း၊ မဖြစ်ခြင်းပေါ်လိုက်ပြီး မြန်မာစာသင်ကြားရတာက ကွဲလွဲပါသေးတယ်။ ဒီလိုကွဲလွဲလို့နောက်ကျ တက္ကသိုလ်မှာ အထက်တန်းမြန်မာစာသင်ယူရမယ်ဆိုပြီး ဆီးနိတ်က ပြောင်းလဲပြန်ပါတယ်။
ဒါပေမဲ့ ဘယ်လိုပြောင်းပြောင်း မြန်မာစာအုပ်မရှိ၊ သင်ရိုးမရှိ၊ စာအုပ်လက်ကိုင်မရှိလို့ စာစီစာကုံးပဲ သင်ယူရတာဖြစ်ပါတယ်။ ဆရာကြီးဦးဖေမောင်တင်လည်း မြန်မာစာအုပ်မရှိလို့ မြန်မာစာကို ဘာသာရပ်တစ်ခုအနေနဲ့မသင်နိုင်ဘဲ အင်္ဂလိပ်ပြောသမျှ ခေါင်းငုံ့ခံရတဲ့ အခြေအနေပါ။ ပညာမင်းကြီးက ငွေတစ်ထောင်ပေးပြီး မြန်မာစာအုပ်ဝယ်ခိုင်းတာတောင် ဆရာကြီးဦးဖေမောင်တင်အနေနဲ့က မြန်မာစာအုပ်မရှိလို့ တစ်ရာဖိုးလောက်ပဲဝယ်ယူနိုင်ခဲ့ပါတယ်။ အင်္ဂလိပ်တွေက မြန်မာစာကို တက္ကသိုလ်မှာ သင်ချင်ရင် ကျကျနနသင်နိုင်တယ်၊ ဒါပေမယ့် မြန်မာလိုရေးတဲ့စာအုပ်လည်းရှိဖို့လိုတယ်ဆိုပြီး ဆရာကြီး ဦးဖေမောင်တင်ကို ပြောပါတယ်။
မြန်မာစာတိုးတက်ဖို့ အစပျိုးခြင်း
ဒီလိုအခြေအနေတွေကြောင့် ဆရာကြီးဦးဖေမောင်တင်အပါအဝင် ပညာရှင်တွေစု၊ မြန်မာနိုင်ငံ သုတေသနအသင်းနဲ့ ပေါင်းစည်းပြီး မြန်မာစာအုပ်ပြုစုကြရပါတယ်။ ဒီလိုနဲ့ ဒေဝကုမ္ဘာန်ပြဇာတ်စာအုပ်ထုတ်ဖို့ ကြိုးစားပေမဲ့ ဆရာကြီးတွေ အချင်းချင်း ပညာမာနနဲ့ မသင့်မြတ်ကြလို့ စာအုပ်မထုတ်ဖြစ်ပါဘူး။
ဥပမာ ပြောရရင် ဦးဖိုးစိန်ဆိုတဲ့ဆရာကြီးက ဘကုန်းအစား ဖဦးထုပ်ကိုသာသုံးဖို့၊ ပုဂံဝန်ထောက်မင်း ဦးတင်ကတော့ နောက်ပစ်ရေးရင် ဝစ္စနှစ်လုံးပေါက်ထည့်ဖို ဒါမျိုးတွေ ငြင်းခုန်ကြရပါတယ်။ ဆရာကြီးဦးဖေမောင်တင်ဟာ ဒီကိစ္စတွေကို လိုက်ညှိရပြီး ဆရာကြီးဦးဖိုးစိန်ကိုလည်း ဖဦးထုပ်ထည့်ရေးဖို့ ခွင့်ပြုခဲ့သလို ပုဂံဝန်ထောက်မင်း ဦးတင်ကိုလည်း ဝစ္စနှစ်လုံးပေါက် ထည့်ဖို့ခွင့်ပြုခဲ့ပါတယ်။ ဒီလိုကိစ္စတွေအပြင် စာအုပ်မှာ နိဒါန်းထည့်ဖို့မထည့်ဖို၊ မူကွဲထည့်ဖို့ မထည့်ဖို့ ဒါမျိုးတွေလည်း ငြင်းခုန်ကြပါသေးတယ်။ အဲဒါတွေကို ဆရာကြီးဦးဖေမောင်တင်က ညှိနှိုင်းခဲ့ပြီးတဲ့အခါကျမှ စာအုပ်တစ်အုပ် ပြီးခဲ့ပါတယ်။
ဒီလိုနဲ့ ၁၉၂၄ ကနေ ၁၉၃၆ ခုနှစ်အထိ ၁၂ နှစ်အတွင်း စာအုပ် ၄၆ မျိုးထုတ်ဝေနိုင်ခဲ့ပါတယ်။ နောက်ပြီး တဆက်တည်းမှာပဲ အိုင်အေတန်းမှာ စိတ်ကြိုက်မြန်မာစာသင်ဖို့ စီစဉ်ပြန်ပါတယ်။ ဒီလိုစီစဉ်ပေမဲ့ ဆရာမရှိတဲ့အတွက် ဆရာခန့်ဖို့ စီစဉ်ရပြန်ပါတယ်။ ဆရာလင်းနဲ့ ဆရာလွန်း (သခင်ကိုယ်တော်မှိုင်း)တို့က လာလျှောက်ပါတယ်။ ဒါပေမဲ့ ဆရာလွန်းဟာ နေရှင်နယ်လ်ကောလိပ်ရဲ့ ပါမောက္ခဖြစ်နေတာရယ်၊ နိုင်ငံရေးမှာ ဆရာကြီးရဲ့ဦးဆောင်မှု လိုနေတာကြောင့် ဆရာကြီးကို ရှင်းပြပြီး ဆရာလင်းကိုပဲ ခန့်လိုက်ပါတယ်။ အဲဒါပြီးတဲ့အခါ ဘီအေတန်းကိုပါ စိတ်ကြိုက်မြန်မာစာသင်ဖို့ စီစဉ်ပါတယ်။ ဆရာလိုအပ်တဲ့အတွက် ပုဂံဝန်ထောက်မင်းဦးတင်ကို ခန့်ရပြန်ပါတယ်။
နောက်တော့ မြန်မာစာဂုဏ်ထူးတန်းဖွင့်ဖို့ စဉ်းစားရင်း မောင်စိန်တင်ဆိုတဲ့ ကျောင်းသားကို မြန်မာစာ ဂုဏ်ထူးတန်းတက်စေပါတယ်။ မောင်စိန်တင်ဆိုတာက နောင်တစ်ချိန်မှာ သိပ္ပံမောင်ဝဆိုတဲ့ နာမည်ကျော်စာရေးဆရာကြီး ဖြစ်လာသူပါ။ မောင်စိန်တင်ဟာ ဂုဏ်ထူးတန်းအောင်သွားတဲ့အခါ တက္ကသိုလ်မှာ ဆရာပြန်လုပ်ပါတယ်။ တစ်နေ့ကျ မောင်စိန်တင်ကို ဘုရင်ခံက ခေါ်တွေ့ပြီး အိုင်စီအက်စ် ခန့်လိုက်ပါတယ်။ အဲဒီခေတ် အိုင်စီအက်စ်ရာထူးဆိုတာက သူတို့အင်္ဂလိပ်ချင်းတောင် အတော်သဘောကျတဲ့ ရာထူးဖြစ်ပြီး (Heaven born services) လို့ခေါ်ကြတာဖြစ်ပါတယ်။ မြန်မာစာနဲ့ဘွဲ့ရတဲ့လူတစ်ယောက်ကို ဒီလိုရာထူးပေးတဲ့အတွက် မြန်မာစာဂုဏ်ဟာ ကြီးမြင့်သွားပြီး မြန်မာစာသင်ချင်သူတွေလည်း များသထက်များလာပါတယ်။
ဆရာကြီးဦးဖေမောင်တင်တို့ဟာ ဒီလောက်နဲ့အားမရဘဲ မြန်မာစာကို အခြေခံကျကျသင်နိုင်အောင် မြန်မာသဒ္ဒါစာအုပ်တွေပြုစုပါတယ်။ တစ်ဖက်မှာလည်း အင်္ဂလိပ်ဝေါဟာရတွေကို မြန်မာဘာသာ ပြန်ကြပါသေးတယ်။ ဒီလိုနဲ့ University ကို တက္ကသိုလ်၊ Lecturer ကို ကထိက စတဲ့ ဘာသာပြန်စကားလုံးတွေ ပေါ်ပေါ်က်လာပါတယ်။ ဒါက စကားလုံးတွေကို တစ်ယောက်တစ်ပေါက် ဘာသာပြန်တာမဟုတ်ဘဲ မြန်မာမှာ ပညာရှင်တွေ တိုင်ပင်ပြီး ပထမဆုံးဘာသာပြန်ကြတာလို့တောင် ပြောလို့ရပါတယ်။ ပထမတစ်နေ့တည်းမှာတင် ဘာသာပြန်ကြတာ စကားလုံး ၆၀ ရပါတယ်။ နောက်ကျ တိရစ္ဆာန်ရုံနဲ့ပတ်သက်တဲ စကားလုံးတွေ ဘာသာပြန်ကြပါသေးတယ်။ ဒီလိုဘာသာပြန်တာကြောင့် မြန်မာဝေါဟာရတွေ တိုးလာပါတော့တယ်။
ဆိုတော့ ၁၉၂၄ လောက်ကစပြီး မြန်မာဘာသာရပ်ဟာ တိုးတက်ဖွံ့ဖြိုးလာပါတယ်။ ပညာမင်းကြီးကလည်း အစိုးရကျောင်းတွေရဲ့ မြန်မာစာနဲ့ပတ်သက်ရင် ဆရာကြီးဦးဖေမောင်တင်ကို အာဏာကုန်လွှဲအပ်လိုက်ပါတယ်။ ဒါကြောင့် ဆရာကြီးက အထက်တန်းအဆင့်မှာလည်း မြန်မာစာဘာသာရပ်ကို သင်ကြဖို့ စီစဉ်ပါတယ်။ စာအုပ်ကလည်း ရှားနေတုန်းဖြစ်လို့ ခုနှစ်တန်းမှာဆိုရင် ဝေဿန္တရာဇာတ်ကိုပဲ သင်ရပါတယ်။
ဒီလိုသင်တော့ ပညာရေးမှာ ဗုဒ္ဓဘာသာကို ဖြန့်ဖြူးနေတယ်ဆိုပြီး မစ်ရှင်နရီကျောင်းတွေက ဝေဖန်ပါတယ်။ ဆရာကြီးဦးဖေမောင်တင်ကတော့ “ဗုဒ္ဓဘာသာတိုင်းပြည်မှာ လာနေတဲ့အတွက် ဗုဒ္ဓဘာသာအကြောင်း သင်ရတာ ကျေးဇူးတင်ဖို့တောင် ကောင်းပါတယ်”ဆိုပြီး ပြန်ပြောပါတယ်။ အဲဒီလိုပြောပေမဲ့ ဆရာကြီးဦးဖေမောင်တင်က ခရစ်ယာန်ဖြစ်ပါတယ်။
နောက်ပိုင်းကျ မြန်မာစာအုပ်တွေထွက်လာတဲ့အခါ အဲဒီလိုဘာသာရေးနွယ်တဲ့ ပြဌာန်းစာအုပ်တွေနေရာမှာ ဦးဖိုးကျားရဲ့ မြန်မာ့ဂုဏ်ရည်ဖတ်စာတို့၊ ဦးခ ရေးတဲ့ ချွေတာရေး စာအုပ်တို့ကို အစားထိုးခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကာလတွေမှာတော့ ဆရာကြီးဦးဖေမောင်တင်ဦးဆောင်ပြီး သူ့တပည့် ဇော်ဂျီ၊ မင်းသုဝဏ်၊ သိပ္ပံမောင်ဝတို့လို နာမည်ကျော်စာရေးဆရာတွေအစွမ်းနဲ့ ရှင်းလင်းပြေပြစ်တဲ့ မြန်မာစာရေးဟန်တစ်ခုဖြစ်ပေါ်လာပါတယ်။ အဲဒီကနေတဆင့် ဒီနေ့ခေတ် မြန်မာစာရေးဟန် ဖြစ်လာပါတယ်။
ဒါကတော့ ကိုလိုနီခေတ်မှာ တက္ကသိုလ်နဲ့ အထက်တန်း၊ အလယ်တန်းတွေကို မြန်မာစာဘာသာရပ် သင်ကြားနိုင်ရေး အတွက် မြန်မာပညာရှင်ကြီးတွေ ကြိုးစားခဲ့ကြတာကို အကျဉ်းချုပ်ပြောပြခဲ့တာပါ။ အင်္ဂလိပ်ခေတ်ဖြစ်တဲ့အတွက် ရုံးသုံးစာက မြန်မာစာဖြစ်သလို၊ ကျွန်ဘဝဖြစ်လို့လည်း မြန်မာစာကို တန်ဖိုးထားသူနည်းပါတယ်။ မြန်မာစာပေဟာ ဒီလိုချောင်ထိုးခံထားရတဲ့အခြေအနေမှာ ကြိုးစားရတာဖြစ်လို့ ဒီနေ့ခေတ်လို လွယ်မနေခဲ့ပါဘူး။
အဲဒီလို မလွယ်တာကို မြန်မာစာပေဖခင်ကြီးလို့ခေါ်ကြတဲ့ ဆရာကြီးဦးဖေမောင်တင်နဲ့ ပညာရှင်တွေက မတူတာကိုပယ်၊ တူတာကို ဦးစားဝိုင်းဝန်းကြိုးစားလုပ်ဆောင်ခဲ့ပြီးမှ ဒီနေ့ခေတ် မြန်မာစာရေးဟန်နဲ့ မြန်မာစာပေတိုးတက်မှုက ပေါ်ထွန်းလာတာဖြစ်ပါတော့တယ်။
ကိုညို
ဆက်စပ်ဖတ်ရှုလိုလျှင် -
Build Myanmar - MediaKo Nyo
Build Myanmar - MediaY3A
Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation
Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.
📅 New content every week, featuring stories that connect Myanmar’s heritage with its future.
📰 Explore more:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: [email protected]
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media