စတားဘက်ခ်က သူတို့ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် - စီအီးအိုနေရာကို Chipotle Mexican Grill ရဲ့ စီအီးအို Brian Niccol ကို ခန့်အပ်လိုက်ပါတယ်။ စတားဘက်ခ်ရဲ့ အရင်စီအီးအို Laxman Narasimhan တစ်ယောက် လုပ်သက် တစ်နှစ်ခွဲအကြာမှာပဲ နုတ်ထွက်သွားလို့ လစ်ဟာနေတဲ့ နေရာအတွက် သူ့ကို ရွေးလိုက်တာပါ။ စတားဘက်ခ်ရဲ့ CFO . . . Rachel Ruggeri ကတော့ အကူးအပြောင်းကာလထဲ စီအီးအိုအဖြစ် ခေတ္တတာဝန်ယူထားပါတယ်။

လက်ဇ်မန်း စီအီးအိုလုပ်တဲ့ တစ်ခဏမှာ ကုမ္ပဏီရဲ့ ကဏ္ဍပေါင်းစုံက လျော့ရဲဆုတ်ယုတ်ခဲ့တဲ့ မှတ်တမ်းတွေ ရှိခဲ့ပါတယ်။ စတားဘက်ခ် ဆိုင်ခွဲတွေမှာ အရောင်းပိုင်း သိသိာသာကျလာတာတွေ၊ တရုတ်မှာ တစ်နှစ်တည်းတင် ၁၁ ရာခိုင်နှုန်းလောက် ထိုးကျခဲ့တဲ့ ကိစ္စတွေ ပေါ်ပေါက်ခဲ့တာပါ။ ဒါ့အပြင် ဆိုရှယ်မီဒီယာမှာလဲ ဝေဖန်သံတွေ၊ Boycott လုပ်ခံရတာတွေနဲ့ ဝန်ထမ်းတွေဘက်က ဆန္ဒထုတ်ဖော်တာတွေ ရှိလာသလို ရောင်းချမှုပိုင်းဈေးနှုန်းပိုင်းမှာလဲ အနုတ်သဘောဆောင်တဲ့ မှတ်ချက်တွေ အများကြီး ရခဲ့ပါတယ်။ ဒီကိစ္စတွေကြောင့်ပဲ ကုမ္ပဏီရဲ့ စတော့ခ်တန်ဖိုးက ပြီးခဲ့တဲ့ ငါးနှစ်တုန်းက ပမာဏထက် ၂၀ ရာခိုင်နှုန်းနီးပါး ထိုးကျခဲ့တာပါ။

တစ်ဖက်မှာ အခုအသစ်ဝင်လာတဲ့ စီအီးအို ဘရိုင်ရန်ကတော့ သမိုင်းကြောင်းကောင်းပါတယ်။ မက္ကစီကန် အစားအစာလုပ်ငန်း Chipotle ရဲ့ စီအီးအိုအဖြစ် ကုမ္ပဏီကို တိုးတက်အောင် ဦးဆောင်နိုင်ခဲ့တဲ့အပြင် အကျိုးအမြတ်လဲ ခုနှစ်ဆနီးပါး ရခဲ့တာပါ။ Chipotle ကို မဦးဆောင်ခင်က ဘရိုင်ရန်က Taco Bell ရဲ့ ဦးဆောင်သူအဖွဲ့ထဲ နေရာရခဲ့ပြီး အစားအသောက် မီနူးတွေ ဆန်းသစ်ပြင်ဆင် တိုးချဲ့တာနဲ့ လုပ်ငန်းကို ဒစ်ဂျစ်တယ်ဘက်ပါ ပြောင်းလဲနေရာယူနိုင်ခဲ့ပါတယ်။ ဒီလို အတွေ့အကြုံကောင်းတွေ၊ အရည်အသွေးကောင်းတွေကို ပိုင်ဆိုင်ထားသူမို့ စတားဘက်ခ်ကို ရောက်ချိန်မှာလဲ လုပ်ငန်းကို ပိုင်ပိုင်နိုင်နိုင် လည်ပတ်နိုင်မယ်လို့ ခန့်မှန်းရတာပါ။

ဘရိုင်ရန်ဝင်မယ်ဆိုတဲ့ သတင်းထွက်တာနဲ့တင် စတားဘက်ခ်ရဲ့ ရှယ်ယာရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေကလဲ ထောက်ခံတဲ့ အကြောင်းတွေ ပြောလာကြပါတယ်။ ဈေးကွက်ထဲမှာလဲ ရှယ်ယာ ၁၃ ရာခိုင်နှုန်းကျော် ပြန်တက်လာနေပါပြီ။ ဒါပေမဲ့ တခြားဖိအားတွေနဲ့တော့ ကြုံနေရဆဲပါ။ စတားဘက်ခ်လုပ်ငန်းရဲ့ ပုံရိပ်ကို ပြန်တည်ဆောက်ဖို့၊ ဝန်ဆောင်မှုတွေ ပြန်အဆင်ပြေစေဖို့နဲ့ တရုတ်လို ပင်မဈေးကွက်မှာ ရောင်းအားကောင်းဖို့ လုံးပန်းရအုံးမှာပါ။ စီးပွားရေးလေ့လာဆန်းစစ်သူတွေကတော့ စတားဘက်ခ်ကုမ္ပဏီဟာ ဒီလူ့လက်ထက်မှာ ပြန်ဦးမော့လာနိုင်ခြေ ရှိပေမဲ့ တကယ်လို့ ပြန်ဦးမော့လာတာမျိုး မရှိခဲ့ရင်လဲ အဲဒါက ဘရိုင်ရန့် အပြစ် မဟုတ်ဘဲ . . . သူ့ရဲ့ အရည်အချင်းအစစ်အမှန်ကို မမြင်ရသေးဘဲ အရင်က ပေါက်နေတဲ့ အပေါက်တွေကိုပဲ လိုက်ဖာရဖို့ များကြောင်း ဆိုပါတယ်။

စတားဘက်ခ်ကုမ္ပဏီရဲ့ စတော့ခ်က လွန်ခဲ့တဲ့ သုံးနှစ်တာ ကာလမှာ အတက်အကျ ပြင်းထန်ခဲ့ပါတယ်။ ၂၀၂၁၊ ဇူလိုင်လတုန်းက သမိုင်းတစ်လျှောက် ရောင်းအားအမြင့်ဆုံးကို ရောက်ခဲ့ပေမဲ့ အဲဒီနောက်ပိုင်းက စလို့ စတော့ခ်က ပြန်ထိုးကျသွားတာ အခု ဩဂုတ်လဆန်းမှာ ၇၅ ဒေါ်လာနဲ့ ရပ်နေတဲ့အထိပါပဲ။ သဘောက နှစ်ပိုင်းထဲနဲ့တင် ဈေးကွက်ထဲ နေရာယူ စိုးမိုးနိုင်စွမ်းနဲ့ စတော့ခ်တန်ဖိုးက ၂၆ ရာခိုင်နှုန်းကျော် ထိုးကျသွားတဲ့ သဘောပေါ့။ ဒါပေမဲ့ ကာလတိုကို မကြည့်ဘဲ ကာလရှည်ကြာ အနာဂတ်ထိ ဖြန့်ကျက်ကြည့်ရင်တော့ စတားဘက်ခ် ကုမ္ပဏီက ၁၉၉၈ ခုနှစ်ကတည်းက စလို့ တဖြည်းဖြည်း ကြီးထွားလာနေပြီး ဈေးကွက်ထဲမှာ ရေရှည်တည်တံ့နိုင်တဲ့ ကုမ္ပဏီအဖြစ် မှတ်တမ်းဝင်နေပါတယ်။

Reference: The shakeup at Starbucks. (n.d.). Perplexity AI. https://www.perplexity.ai/page/the-shakeup-at-starbucks-gz3V5a02Sfyjck1dXSQtzw


Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက်

📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - [email protected]

Share this article
The link has been copied!