ရှုပ်ထွေးတဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲကို လေ့လာရင်း ခေါင်းကိုက်နေတယ်ဆိုရင် သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ရှည်လျားတဲ့ နိုင်ငံ့သမိုင်းကြောင်း၊ ရာနဲ့ချီတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ၊ ပြီးတော့ ဆယ်ဂဏန်းချီတဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ ပြီးတော့ ရာနဲ့ချီတဲ့ နိုင်ငံရေးပါတီတွေအပြင် စစ်တပ်ကြီးစိုးတဲ့ ဒီနိုင်ငံရဲ့ သမိုင်းကို လွယ်လွယ်ကူကူနားလည်ဖို့ကတော့ တကယ်ကို ခက်ခဲပါတယ်။
ဘာပဲဖြစ်ဖြစ် မြန်မာ့နိုင်ငံရေးအပြောင်းအလဲတွေကို နားလည်ဖို့ သမိုင်းရှည်ကြီးထဲက အထင်ကရ နိုင်ငံရေး အပြောင်းအလဲတွေကို ဖော်ပြပေးလိုက်ပါတယ်။
လွတ်လပ်ရေးဆုံးရှုံးခြင်း
မြန်မာနိုင်ငံကို အင်္ဂလိပ်က စစ်သုံးကြိမ်ပြုပြီး ၁၈၈၆ ဇန်နဝါရီလ ၁ ရက်မှာတော့ ဗြိတိသျှလက်အောက်ခံနိုင်ငံ အဖြစ် သိမ်းပိုက်လိုက်ပါတယ်။ ဒါက မြန်မာနိုင်ငံအနေနဲ့ အချုပ်အခြာအာဏာဆုံးရှုံးသွားတာဖြစ်သလို လွတ်လပ်ရေးဆုံးရှုံးသွားတာလည်း ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ မြန်မာတိုင်းရင်းသားတွေဟာ အင်္ဂလိပ်ကို နည်းအမျိုးမျိုး၊ ပုံစံမျိုးစုံနဲ့ တော်လှန်ခဲ့ကြပါတယ်။
လွတ်လပ်ရေးပြန်ရခြင်း
၁၉၄၁ ခုနှစ်မှာ ရဲဘော်သုံးကျိပ်ဟာ ဂျပန်မှာစုဖွဲ့ပြီး နောင်အခါ မြန်မာတပ်မတော်ဆိုပြီး ဖြစ်လာပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်ဟာ လွတ်လပ်ရေးအတွက် ပြည်သူတွေနဲ့အတူ တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့ကြောင့် ၁၉၄၈ ကျ မြန်မာနိုင်ငံဟာ အင်္ဂလိပ်ဆီကနေ လွတ်လပ်ရေးရရှိခဲ့ပါတယ်။
ပြည်တွင်းစစ်စတင်ခြင်း
မြန်မာနိုင်ငံဟာ ၁၉၄၈ မှာ လွတ်လပ်ရေးရပြီး အဲဒီနှစ်ထဲမှာပဲ ဗမာပြည်ကွန်မြူနစ်ပါတီ တောခိုရာက ပြည်တွင်းစစ်စတင်ခဲ့ပါတယ်။ တောခိုတဲ့အထဲမှာ တပ်မတော်တပ်ရင်းတပ်ဖွဲ့တွေပါဝင်သွားပြီး ၁၉၄၉-၁၉၅၀ ဝန်းကျင်ကာလမှာဆို အင်းစိန်အပါအဝင် မြန်မာနိုင်ငံက မြို့ကြီး ၃၁ မြို့ဟာ လက်နက်ကိုင်တပ်ဖွဲ့တွေ လက်ထဲကျရောက်နေခဲ့ပါတယ်။ ပြည်တွင်းစစ်ကို တပ်မတော်ကပဲ ဦးဆောင်တိုက်ခိုက်ခဲ့ရပါတယ်။
ကျူးကျော်စစ်
၁၉၄၉ နှစ်ကုန်ပိုင်းမှာ အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ တရုတ်ဖြူ ကူမင်တန်တွေက ရှမ်းပြည်နယ်၊ ကျိုင်းတုံထဲကို ကျူးကျော်ဝင်ရောက်ခဲ့ပါတယ်။ ဒီပြဿနာကို ကုလသမဂ္ဂဆီတင်ပြပေမဲ့ မပြေလည်လို့ ၁၉၅၄ ကျ ဘုရင့်နောင်နဲ့ ရန်ကြီးအောင်စစ်ဆင်ရေးတွေ ဖော်ဆောင်ပြီး မြန်မာ့တပ်မတော်ကပဲ တိုက်ထုတ်ခဲ့ရပါတယ်။
ဖဆပလ အကွဲအပြဲ
လွတ်လပ်ရေးရပြီးနောက်ပိုင်း ဖဆပလ အစိုးရက အုပ်ချုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၅၈ ရောက်တဲ့အခါ ဝန်ကြီးချုပ်ဦးနု ဦးဆောင်တဲ့ သန့်ရှင်းဖဆပလနဲ့ ပြည်ထဲရေးဝန်ကြီးဦးကျော်ငြိမ်းဦးဆောင်တဲ့ တည်မြဲဖဆပလဆိုပြီး နှစ်ခြမ်းကွဲပါတယ်။ တပ်မတော်ကို သူ့ဘက်ကိုယ့်ဘက်အပြိုင်စည်းရုံးကြပါတယ်။ တပ်မတော်ကလည်း ဦးကျော်ငြိမ်းရဲ့ တည်မြဲဖဆပလကို ထောက်ခံခဲ့ပါတယ်။ ဒီလိုနည်းနဲ့ နိုင်ငံရေးသမားတွေက တပ်မတော်ကို နိုင်ငံရေးထဲဆွဲခေါ်ဖို့ ကြိုးစားခဲ့ကြပါတယ်။
၁၉၅၈ အာဏာလွှဲပြောင်းမှု
၁၉၅၈ မှာ တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးနေဝင်းကို ဝန်ကြီးချုပ်ဦးနုက အာဏာလွှဲပေးပါတယ်။ ဗိုလ်ချုပ်နေဝင်းရဲ့ အိမ်စောင့်အစိုးရတက်လာပါတယ်။ ခေတ်ပြိုင်သမိုင်းဆရာတွေကတော့ ဒါကို တပ်မတော်က အာဏာသိမ်းတာလို့ပဲ မှတ်တမ်းတင်ပါတယ်။
၁၉၄၅-၁၉၅၈ ကာလတွေမှာတော့ မြန်မာတပ်မတော်ဟာ ပြည်သူတွေရဲ့ သည်းသည်းလှုပ်ယုံကြည် ကိုးစားတာကို ခံခဲ့ရပါတယ်။ လွတ်လပ်ရေးရယူတယ်။ ပြည်တွင်းစစ်ကို ချေမှုန်းတယ်။ ပြည်ပကျူးကျော်စစ်ကို တွန်းလှန်သူဖြစ်ပါတယ်။ အဲဒီလို တပ်မတော်အပေါ် ယုံကြည်ကိုးစားမှုရခဲ့တာဟာ ၁၉၆၂ ဗိုလ်ချုပ်နေဝင်း အာဏာမသိမ်းခင်အချိန်အထိဖြစ်ပါတယ်။
၁၉၆၂ အာဏာသိမ်းမှု
နိုင်ငံရေးသမားချင်း မကျေလည်ရာက ဖြစ်တဲ့ ပြဿနာကို နိုင်ငံတော်လုံခြုံရေးအကြောင်းပြပြီး တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းပါတယ်။ ဒီအာဏာသိမ်းမှုကနေ တော်လှန်ရေကောင်စီက ၁၂ နှစ် အုပ်ချုပ်ပါတယ်။ မဆလ က တစ်ပါတီအာဏာရှင်စနစ်နဲ့ ၁၄ နှစ် အုပ်ချုပ်ပါတယ်။ ၁၉၆၂ ကနေ ၁၉၈၈ ခုနှစ်အထိ စုစုပေါင်း ၂၆ နှစ်အုပ်ချုပ်ပါတယ်။
၁၉၈၈ အာဏာသိမ်းမှု
၁၉၈၈ ဩဂုတ်လကျ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးဖြစ်ပြီး ဗိုလ်ချုပ်နေဝင်းအစိုးရ ပြုတ်ကျသွားပါတယ်။ ဒါပေမဲ့ ၁၉၈၈ စက်တင်ဘာလကျ စစ်တပ်ကပဲ တတိယအကြိမ်အာဏာသိမ်းပြီး နဝတ အစိုးရတက်လာပါတယ်။ နဝတအစိုးရဟာ ၁၉၉၀ မေလကျ ရွေးကောက်ပွဲကျင်းပပေမဲ့ အနိုင်ရပါတီ NLD ကို အာဏာမလွဲဘဲ ၂၀၁၀ အထိအုပ်ချုပ်ခဲ့ပါတယ်။ ၁၉၈၈ ကနေ ၂၀၁၀ အထိ စစ်တပ်အာဏာသိမ်းမှုဟာ ၂၂ နှစ် ကြာခဲ့ပါတယ်။
၂၀၀၈ အခြေခံဥပဒေ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်တဲ့ တပ်မတော်အစိုးရက ၂၀၀၈ ကျ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုနိုင်ခဲ့ပါတယ်။ တစ်နိုင်ငံလုံး နာဂစ်မုန်တိုင်းဒဏ်ခံရချိန်မှာ လူထုဆန္ဒခံယူပွဲလုပ်ခဲ့တာဖြစ်လို့ အရပ်ခေါ်အနေနဲ့ နာဂစ်ခြေဥဆိုပြီး ခေါ်ကြပါတယ်။ အဲဒီအခြေခံဥပဒေဟာ နိုင်ငံရေးနယ်ပယ်မှာတော့ အငြင်းပွားမှုတွေနဲ့ ပြည့်နှက်နေတဲ့ အခြေခံဥပဒေ ဖြစ်လာပါတယ်။
၂၀၁၀ အပြောင်းအလဲ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အစီအမံအရ ၂၀၀၈ အခြေခံဥပဒေကို အခြေခံပြီး ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပပါတယ်။ တပ်မတော်က ကျောထောက်နောက်ခံပြုထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့ပါတယ်။ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်တွေ ပေါ်လာပါတယ်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရေးတို့လို မဏ္ဍိုင် ၃ ရပ်ပေါ်ထွက်လာခဲ့ပါတယ်။
တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အငြိမ်းစားယူသွားပါတယ်။ ရွေးကောက်ပွဲကနေ သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရ တက်လာခဲ့ပါတယ်။ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်လည်း လွတ်မြောက်လာပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဟာ ၂၀၁၁ ဒီဇင်ဘာလမှာ ပါတီမှတ်ပုံတင်ပါတယ်။ နိုင်ငံရေးအပြောင်းအလဲ၊ စီးပွားရေးအပြောင်းအလဲတွေ စတင်ဖြစ်ပေါ်လာပါတယ်။ နိုင်ငံတကာကလည်း မြန်မာနိုင်ငံအပေါ် တင်ရှိနေတဲ့ အကြွေးတွေကို လျော်ပေးကြပါတယ်။ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာခဲ့ပါတယ်။ အင်တာနက်ဆက်သွယ်ရေးတွေ၊ မိုဘိုင်းလ်ဆက်သွယ်ရေးတွေ တဟုန်ထိုး တိုးတက်လာခဲ့ပါတယ်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို သမ္မတဦးသိန်းစိန်အစိုးရက ကျင်းပခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ NLD ပါတီက ၄၄ နေရာဝင်ပြိုင်တာမှာ ၄၃ နေရာ အနိုင်ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမဲဆန္ဒနယ်ကနေ ဝင်ပြိုင်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီဟာ အနိုင်ရပြီး လွှတ်တော်ထဲဝင်ရောက်ခဲ့ပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲ
သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ ၂၁ ရာစုပင်လုံညီလာခံကို ဖော်ဆောင်နိုင်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နဲ့ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး စာချုပ် ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ၂၀၁၅ မှာတော့ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကို သမ္မတဦးသိန်းစိန်အစိုးရက ကျင်းပခဲ့ပါတယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ NLD ပါတီဟာ သောင်ပြိုကမ်းပြိုအနိုင်ရပြီး အာဏာရအစိုးရ ဖြစ်လာခဲ့ပါတယ်။ လူမှုစီးပွားအပြောင်းအလဲတွေကို ဆက်လက်ဖော်ဆောင်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲ
ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေလျက်မှာပဲ ၂၀၂၀ ရွေးကောက်ပွဲကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။ မဲပေးသူ ရာခိုင်နှုန်းနည်းမယ်လို့ ထင်ခဲ့ကြပေမဲ့ စံချိန်တင်များပြားခဲ့ပါတယ်။ လူထုက NLD ပါတီကိုပဲ အပြတ်အသတ်ရွေးချယ်ခဲ့တာကြောင့် NLD ပါတီပဲ အနိုင်ရခဲ့ပြန်ပါတယ်။ အမတ်နေရာ ၄၇၆ မှာ NLD ပါတီက ၃၉၆ နေရာ အနိုင်ရရှိခဲ့ပါတယ်။
ရွေးကောက်ပွဲအကြိုကာလမှာရော၊ ရွေးကောက်ပွဲ ပြီးချိန်မှာရော တပ်မတော်က မဲစာရင်းနဲ့ပတ်သက်ပြီး ကန့်ကွက်ချက်တွေ အမြောက်အမြားပေးပို့ခဲ့ပါတယ်။ နိုင်ငံရေးပွတ်တိုက်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။
၂၀၂၁ အာဏာသိမ်းမှု
၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ ရွေးကောက်ပွဲမဲစာရင်း မမှန်ကန်မှုတွေရှိတယ်ဆိုပြီး စစ်တပ်က အာဏာသိမ်းပါတယ်။ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီလွှတ်တော်အမတ်တွေ၊ NLD ပါတီဝင်တွေ အများအပြားကို ဖမ်းဆီးခဲ့ပါတယ်။ ၂၀၂၁ အာဏာသိမ်းမှုဟာ အလုံးစုံသော နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို အမြစ်ကနေ ပြောင်းပြန်လှန်လိုက်တာဖြစ်ပါတယ်။
၂၀၁၀ အထိ အာဏာသိမ်းဝဲဂယက်ထဲမှာရှိနေခဲ့တဲ့ မြန်မာနိုင်ငံဟာ ဆယ်နှစ်ကြာ လွတ်လပ်ခွင့်ရပြီးတဲ့နောက်မှာ အခုလို နောက်တစ်ခေါက် အာဏာသိမ်းခံလိုက်ရတာဖြစ်ပါတယ်။
အဲဒီလို အာဏာသိမ်းလိုက်ပြီးတဲ့နောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ နိုင်ငံအနှံ့ ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒါကို နွေဦးတော်လှန်ရေးလို့ တင်စားပါတယ်။ နွေဦးတော်လှန်ရေးကို ပညာတတ်လူငယ် Gen-Z တွေက အဓိက ဦးဆောင်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေလည်း ပါဝင်လာခဲ့ပါတယ်။
၂၀၂၁ အာဏာသိမ်းမှုဂယက်ကြောင့် မြန်မာနိုင်ငံဟာ ၂၀၂၄ ခုနှစ်အထိတိုင် မငြိမ်းချမ်းနိုင်သေးဘဲ တိုက်ပွဲတွေ နေရာအနှံ့ဖြစ်နေခဲ့ပါတယ်။
ဟန်သစ်အိမ် (Y3A)
Read More:
Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation
Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.
📅 New content every week, featuring stories that connect Myanmar’s heritage with its future.
📰 Explore more:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #MyanmarNews #GlobalNews #TechNewsMyanmar #BusinessNewsMyanmar #Updates #Insights #Media