ဒီဂျစ်တယ်ငွေပေးချေမှု နည်းလမ်း MMQR စနစ်ကို နစက က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်က နေပြည်တော် MICC 1 မှာ စတင်မိတ်ဆက်လာခဲ့ပါတယ်။ ဒီအခမ်းအနားကို နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့တာကိုကြည့်ရင် ဒီစနစ်အပေါ် ဘယ်လောက် မျှော်မှန်းထားလဲဆိုတာ ခန့်မှန်းလို့ရပါတယ်။ 

ဒီတော့ MMQR စနစ်ဆိုတာ ဘာပါလဲ။ 

MMQR စနစ်က ဘတ်ဂျက်လိုငွေပြမှု၊ ငွေကြေးဖောင်းပွမှုနဲ့ ငွေစက္ကူရိုက်ထုတ်မှုတွေကြောင့် အခက်တွေနေရတဲ့ အစိုးရစီမံခန့်ခွဲမှုအတွက် အထောက်အကူဖြစ်နိုင်မှာလား။ 

နောက်တစ်ချက်ကတော့ ငွေသား (Cash) အပေါ် လူတွေယုံကြည်မှု ကျဆင်းလာနေချိန်၊ ဘဏ်တွေရဲ့ ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး စိတ်တိုင်းမကျချိန်မှာ မြန်မာကျူအာစနစ်ပေါ်ပေါက်လာတာဖြစ်လို့ ဒါက မြန်မာ့ဘဏ္ဍာရေးလောကကို ဘယ်လောက်အကျိုးသက်ရောက်မှာလဲဆိုတဲ့ မေးခွန်းတွေကလည်း ရှိနေပြန်ပါတယ်။ 

မြန်မာကျူအာဆိုတာ ဘာလဲ

MMQR (Myanmar Quick Response) စနစ်ဆိုတာက QR ကုတ်နဲ့ ငွေပေးချေမှုကို ထောက်ပံ့နိုင်တဲ့ Digital Payment Switch စနစ်တစ်ခုဖြစ်ပါတယ်။ 

ဆိုလိုတာကတော့ လက်ရှိ Kpay, AYAPay တွေလိုမျိုး MMQR စနစ်ကိုယ်တိုင်က ငွေပေးချေနိုင်တာမျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီလို Kpay, AYAPay (တခြားဟာလည်းရ) တစ်ခုခုရှိမယ်ဆိုရင်တော့ သုံးလို့ရပါတယ်။ 

ဒီစနစ်ကို ဗဟိုဘဏ်က System Operator အဖြစ် ကြီးကြပ်ပြီး Payplus ကုမ္ပဏီက ဆောင်ရွက်နေတာဖြစ်ပါတယ်။ 

ငလျင်ဘေးကို Build Myanmar နဲ့ အတူကူပါ

မြန်မာနိုင်ငံသားတွေ ကြုံတွေ့ခံစားနေရတဲ့ ငလျင်ဘေးကို Build Myanmar နဲ့အတူ နိုင်ငံတကာမှာ ရှိနေသူတွေ ပါဝင်ကူညီဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ လောလောဆယ် ရန်ပုံငွေတစ်ရပ် ထူထောင်ထားတာကို ပါဝင်ဖို့ ပုံမှာပါတဲ့ QR code ကို စကင်န်ဖတ်ပါ။

Donate Now

MMQR စနစ်ရဲ့ အားသာချက်ကတော့ အရင်တုန်းကဆို ဘဏ်တွေဟာ သူတို့ဘဏ်ရဲ့ လုပ်ငန်းတွေထဲကပဲ ဝန်ဆောင်မှုပေးပါတယ်။ ဥပမာပြောရရင် Kpay ကနေ AYA Pay ကို ငွေလွှဲလို့မရသလို AYA ကနေလည်း Kpay ကို ငွေလွှဲလို့ မရတာမျိုးပါ။ ဒါကြောင့်  လူတစ်ယောက်ဟာ Kpay, AYA pay ကစလို့ Pay မျိုးစုံကို အကောင့်ဖွင့်လှစ်ထားမှ သုံးစွဲရ အဆင်ပြေပါတယ်။ ဒီစနစ်ကတော့  သီးခြားစီရှိနေတဲ့ (Mobile Wallet) မိုဘိုင်းငွေပေးချေမှုတွေကို အပြန်အလှန်ချိတ်ဆက်ပေးနိုင်မှာဖြစ်လို့ သုံးစွဲသူကို အလုပ်ရှုပ်သက်သာစေပါတယ်။ 

ဥပမာပြောရရင် သင့်က မိတ်ဆွေတွေနဲ့ စားသောက်ဆိုင်မှာ စားသောက်ပြီး ငွေရှင်းမယ်ဆိုပါစို့။ ဆိုင်က Kpay ပဲ လက်ခံတယ်။ သင့်မှာက AYApay ပဲရှိတယ်။ ဒါဆိုရင် အခက်တွေ့ပါတယ်။ အခု MMQR စနစ်ကတော့ ဒီလိုကိစ္စမျိုးအတွက် အဆင်ပြေသွားမှာ ဖြစ်ပါတယ်။ 

ပေါ်ပေါက်လာသော အကြောင်းရင်း

MMQR စနစ်ကို NLD အစိုးရလက်ထက်ကတည်းက စတင်ပြင်ဆင်ခဲ့တယ်လို့ သိရပါတယ်။ ကိုဗစ် ၁၉ ကာလ ထောက်ပံ့ငွေပေးအပ်ရာမှာ NLD အစိုးရက မိုဘိုင်းငွေလွှဲပြောင်းမှုစနစ်ကို နိုင်ငံတော်အဆင့် သုံးစွဲစီစဉ်နိုင်ခဲ့တာက ဒီအစီအစဉ်ဖြစ်မြောက်မှု အလားအလာကို ခန့်မှန်းတွက်ချက်နိုင်ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ဒီဇင်ဘာတုန်းကလည်း MMQR စနစ်ကို ဗဟိုဘဏ်က စတင်အကောင်အထည်ဖော်နေပြီတယ်လို့ “ဒီဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ”ဆိုပြီး မြန်မာရုပ်မြင်သံကြားကနေ ထုတ်လွှင့်ခဲ့ဖူးပါတယ်။ 

၂၀၂၄ ခုနှစ်၊ ဇွန်လမှာတော့ MMQR စနစ်ကို အကောင်အထည်ဖော်ဖို့ နစက က တွန်းအားပေးဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၀ ရက် ဗဟိုဘဏ်အမိန့်မှာလည်း ငွေကြေးဖောင်းပွမှုနဲ့ ငွေကြေးရိုက်နှိပ်ခြင်းကို ရှောင်ရှားနိုင်ဖို့ ဒီဂျစ်တယ်ငွေကြေးနဲ့ ဒီဂျစ်တယ်ငွေပေးချေမှုနည်းလမ်းတွေကို အသုံးပြုဖို့ ဗဟိုဘဏ်က ကြေညာခဲ့ပါတယ်။

ဒီလိုနဲ့ အခု  ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှာတော့ MMQR စနစ် ပေါ်ပေါက်လာခဲ့ပါတယ်။

ဘာတွေလုပ်နိုင်လဲ

MMQR စနစ်ကို AYA Pay၊ KBZ Pay၊ Wave Money၊ OK$၊ CB Pay၊  UAB Pay၊ A+ Wallet၊ CTZ Pay ၊ Yoma ၊ Trusty ၊ Zego နဲ့ Mpitesan တို့နဲ့ ချိတ်ဆက်ထားပါတယ်။ ဒါကြောင့် အဲဒီမိုဘိုင်းငွေပေးချေမှုတွေထဲက တစ်ခုရှိတယ်ဆိုရင် MMQR စနစ်ကို သုံးစွဲလို့ရနေပါပြီ။ နောက်ပိုင်းမှာတော့ မိုဘိုင်းလ်ငွေကြေးလုပ်ငန်းတွေ အားလုံးပါဝင်လာမှာဖြစ်ပါတယ်။ 

ထပ်ပြီးရှင်းအောင်ပြောရရင် MMQR စနစ်ဟာ သီးခြားစီရှိနေတဲ့ မိုဘိုင်းငွေပေးချေမှုတွေကို အပြန်အလှန်ချိတ်ဆက်ပေးချေနိုင်မှာ ဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ MMQR အသုံးပြုပြီး ဈေးဝယ်သူက ကုန်သည်ဆီ (Customers to Merchant) ငွေပေးချေခြင်းကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Merchant တွေကတော့ တရားဝင်မှတ်ပုံတင်တာမျိုးလုပ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ 

ဘာတွေမလုပ်နိုင်သေးဘူးလဲ

MMQR စနစ်ဟာ လက်ရှိမှာ အသုံးပြုသူအချင်းချင်း (Person to Person - P2P) ငွေလွှဲပြောင်းတာကို မလုပ်နိုင်သေးပါဘူး။ နောက်ပိုင်းမှာတော့ အဲဒီလို လုပ်နိုင်အောင် ပြင်ဆင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ 

ဒ့ါအပြင်  ရေခွန်၊ မီတာဘီလ်လို အခွန်ပေးဆောင်မှုတွေ၊ အစိုးရလုပ်ငန်းတွေဖြစ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေကို လစာပေးတာ၊ ပင်စင်ထုတ်ပေးတာတွေ၊ ပုဂ္ဂလိကကဏ္ဍဖြစ်တဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေ၊ စက်သုံးဆီအရောင်းဆိုင်၊ ပုဂ္ဂလိက ဆေးရုံတွေ၊  ကျောင်းတွေနဲ့ လူသုံးကုန်ပစ္စည်းရောင်းချတဲ့ စီးပွားရေးလုပ်ငန်းမှာလည်း  MMQR ရဲ့ ဝန်ဆောင်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်ဖို့ တိုးချဲ့ဆောင်ရွက်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

အားသာချက်နှင့် အနာဂတ်မျှော်မှန်းချက်

ရိုးရှင်းလွယ်ကူမှု - MMQR စနစ်ရဲ့ အားသာချက်ကတော့ ရိုးရှင်းလွယ်ကူပြီး အလုပ်ရှုပ်သက်သာတာ ဖြစ်ပါလိမ့်မယ်။ အရင်တုန်းက ငွေပေးချေမှုအတွက် Mobile Wallet/ Mobile Pay မျိုးစုံ လိုအပ်ပေမဲ့ အခုတော့ MMQR ရှိရင် အဆင်ပြေလာမှာဖြစ်ပါတယ်။ 

အလျှင်အမြန်ပျံ့နှံ့မှု - နောက်တစ်ချက်ကတော့ မိုဘိုင်းငွေပေးချေမှုဖြစ်လို့ မိုဘိုင်းလ်ဖုန်းရှိရုံနဲ့ လုပ်ဆောင်နိုင်တာဖြစ်လို့ ကျေးလက်နယ်ဘက်အထိ အလျှင်အမြန်ပျံ့နှံ့နိုင်ပါတယ်။ 

အစိုးရဝန်ဆောင်မှုနှင့် ပေါင်းစပ်ခြင်း - ဝန်ထမ်းလစာ၊ အငြိမ်းစာပင်စင်၊ အခွန်အခမျိုးစုံကို MMQR နဲ့ ပေးဆောင်နိုင်ပြီဆိုရင် ပြည်သူတွေအတွက်လည်း အခွန်ဆောင်ရတာ လွယ်ကူသလို အစိုးရအတွက်လည်း အခွန်ရဖို့ ပိုမိုလွယ်ကူလာမှာဖြစ်ပါတယ်။ 

နိုင်ငံတော်အဆင့် စီးပွားရေး စီမံကိန်းတွေမှာ ဒီဂျစ်တယ်ငွေပေးချေမှုနည်းလမ်းကို သုံးစွဲနိုင်မယ်ဆိုရင် ငွေသားရိုက်နှိပ်ထုတ်ဝေမှုအတွက် ကုန်ကျစရိတ်ကို သက်သာစေမှာပါ။ ဒါ့အပြင် အနာဂတ်မှာ နိုင်ငံသားစိစစ်ရေးလုပ်ငန်း၊ မဲစာရင်းကောက်ယူတာ၊ မဲပေးတာ၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေမှာလည်း သုံးစွဲနိုင်အောင် အဆင့်မြှင့်တင်ဆောင်ရွက်ဖို့လည်း လိုပါတယ်။ 

ငွေကြေးစီးဆင်းမှု မြန်ဆန်ခြင်း - ငွေကြေးစီးဆင်းမှု မြန်ဆန်တာကြောင့် စီးပွားရေး လုပ်ကိုင်ရတာ ပိုမိုလွယ်ကူလာမှာ ဖြစ်ပါတယ်။ အသေးစားစီးပွားရေးလုပ်ငန်းတွေမှာ သုံးနိုင်ပြီဆိုရင် စီးပွားရေးဖွံ့ဖြိုးမှုကို အတိုင်းအတာတစ်ရပ်အထိ အထောက်အကူဖြစ်နိုင်ပါလိမ့်မယ်။

ဒီဂျစ်တယ်ငွေကြေးစနစ် အသက်ဝင်လာခြင်း - MMQR စနစ်ကြောင့် ငွေသား (Cash) ကိုင်ဆောင်မှုလျော့ကျပြီး ဒီဂျစ်တယ်ငွေကြေးစနစ်ကို ပိုမိုအသက်ဝင်လာနိုင်ခြေရှိပါတယ်။ ဒီဂျစ်တယ်ငွေကြေးစနစ်အသက်ဝင်လာတာနဲ့အမျှ ငွေသားရိုက်နှိပ်ထုတ်ဝေရတဲ့ ကုန်ကျစရိတ်တွေလည်း လျော့ကျလာမှာဖြစ်သလို ငွေကြေးဖောင်းပွမှုလည်း လျော့ပါးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ငွေစက္ကူအတုထုတ်ဝေမှုတွေကိုလည်း ဟန့်တားလာနိုင်မှာဖြစ်ပါတယ်။ 

နိုင်ငံဖြတ်ကျော် ငွေပေးချေမှု - နိုင်ငံရပ်ခြား ငွေပေးချေမှုတွေကိုပါ လုပ်ဆောင်လာနိုင်ပြီဆိုရင် ဒီစနစ်ဟာ ပြီးပြည့်စုံလုနီးပါး ဖြစ်သွားပါလိမ့်မယ်။ ဒီအတွက်လည်း ပထမအဆင့်အနေနဲ့ အာဆီယံနိုင်ငံတွေနဲ့ချိတ်ဆက်ပြီး QR ငွေလွှဲစနစ်ကို သုံးစွဲနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ 

ဉာဏ်ရည်တုနှင့်ချိတ်ဆက်မှု - လက်ရှိမှာတော့ MMQR ကို ဉာဏ်ရည်တု(အေအိုင်)နဲ့ ချိတ်ဆက်အသုံးပြုဖို့က ဖြစ်နိုင်ခြေ နည်းပါသေးတယ်။ ဒါပေမဲ့လည်း မဖြစ်နိုင်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အေအိုင်နဲ့ ချိတ်ဆက်နိုင်ပြီဆိုရင်တော့ ဒေတာတွေကို စီမံခန့်ခွဲလာနိုင်ပါလိမ့်မယ်။ ရလာတဲ့ဒေတာတွေကိုအသုံးချပြီး စီမံကိန်းတွေ ဖော်ဆောင်တာ၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကို ဖော်ဆောင်တာ၊ ပိုမိုကောင်းမွန်အောင် ပြန်လည်သုံးသပ်တာတွေကိုလည်း လုပ်ကိုင်လာနိုင်ပါလိမ့်မယ်။ 

စိန်ခေါ်မှုများ

အင်တာနက် - MMQR စနစ်အတွက် အရေးအကြီးဆုံးကတော့ အင်တာနက် ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ကျေးလက်ဒေသတွေအထိ အင်တာနက်ကို အဆင့်မြှင့်တင်နိုင်မှပဲ ဒီစနစ်က ရည်မှန်းသလို အသက်ဝင်လာနိုင်မှာဖြစ်ပါတယ်။ 

အသိပညာပေးခြင်း - MMQR စနစ်နဲ့ပတ်သက်တဲ့ သုံးစွဲနည်း၊ ကိုယ်ရေးအချက်အလက် လုံခြုံအောင် ထိန်းသိမ်းနည်းနဲ့ တခြားသိသင့်စရာကိစ္စရပ်တွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဖို့ လိုအပ်ပါတယ်။ 

ဒေတာ လုံခြုံရေး - ဒါကတော့ MMQR စနစ်ရဲ့ နည်းပညာပိုင်းဆိုင်ရာ စိန်ခေါ်ချက်ဖြစ်ပါတယ်။ မသမာသူတွေရဲ့ ရန်ကနေ ကာကွယ်နိုင်ဖို့ MMQR စနစ်ကို အဆင့်မြှင့်တင်ထားဖို့လိုအပ်ပါတယ်။ သုံးစွဲသူများလာတာနဲ့အမျှ ဒေတာလုံခြုံရေးဟာ ပိုပိုပြီး အရေးကြီးလာပါတယ်။ 

မက်လုံးပေးခြင်း - မြန်မာနိုင်ငံမှာ ဒီဂျစ်တယ်ငွေပေးချေမှုစနစ် အသက်ဝင်ဖို့အတွက်ဆိုရင် မက်လုံးပေးတာမျိုးကလည်း လိုအပ်မယ်လို့ ယူဆပါတယ်။ ဥပမာအားဖြင့် ကုန်ပစ္စည်းတစ်ခုဝယ်လို့ Cash နဲ့ ပေးချေမှုတွေအတွက် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းကောက်တယ်ဆိုရင် ဒီဂျစ်တယ်ငွေပေးချေမှု ဒါမှမဟုတ် MMQR နဲ့ ငွေပေးချေမယ်ဆိုရင် ကုန်သွယ်ခွန်ကို နှုန်းထားတစ်ရပ်အထိ လျှော့ပေးမယ်ဆိုတာမျိုး စီစဉ်လို့ ရနိုင်ပါတယ်။ ဒါမျိုးအတိအကျမဟုတ်လည်း ဒီလိုပုံစံတူနည်းနဲ့ စဉ်းစားနိုင်ပါတယ်။

ယုံကြည်မှုနှင့် ပွင့်လင်းမြင်သာမှု - ဒါကတော့ MMQR စနစ် အောင်အောင်မြင်မြင် အကောင်အထည်ဖော်ဖို့ အရေးအကြီးဆုံးနဲ့ စိန်ခေါ်မှုအကြီးဆုံး လိုအပ်ချက်ဖြစ်ပါတယ်။ MMQR စနစ် အကောင်အထည်ဖော်တဲ့ လုပ်ငန်းစဉ် သို့မဟုတ် လုပ်ငန်းစဉ်ထဲပါဝင်တဲ့ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေရဲ့ လုပ်ပိုင်ခွင့်ကို ပြည်သူတွေ အမြင်ရှင်းအောင် ပွင့်လင်းမြင်သာစွာ ရှင်းလင်းသင့်ပါတယ်။ ပြီးတော့ အစိုးရရဲ့ MMQR အကောင်အထည်ဖော်မှုအပေါ် ပြည်သူတွေ ယုံကြည်လာအောင် ရှေ့ဆောင်လမ်းပြ ပြုမူဆောင်ရွက်ပြရမှာဖြစ်ပါတယ်။

အဲဒီလိုရှင်းလင်းပြီး ပြည်သူတွေ ယုံကြည်တဲ့ MMQR စနစ်ဖြစ်မှ ဒီစနစ်ကြီးက အောင်မြင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် MMQR ဟာ ပြည်တွင်းကလူတွေ သုံးစွဲနေတဲ့ ဒီဂျစ်တယ်ငွေပေးချေမှုစနစ်မှာ လိုအပ်နေတဲ့ ကွက်လပ်ကို ဖြည့်ဆည်းပေးလိုက်တာဖြစ်ပါတယ်။ ဒီဂျစ်တယ်ငွေပေးချေမှု ခြေလှမ်းအသစ်တစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီခြေလှမ်းက ဘယ်လောက်အထိလှမ်းနိုင်မယ်၊ ဘယ်လောက်အထိ အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတော့တယ်။

ဟန်သစ်အိမ် (Y3A) 

Read More:

မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းနှင့် အပြောင်းအလဲများ
လွတ်လပ်ရေးခေတ်မှ ယနေ့အထိ မြန်မာ့နိုင်ငံရေး အပြောင်းအလဲများကို လေ့လာခြင်း။ စစ်တပ်၊ ပါတီများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ
မြန်မာ့စီးပွား-အတိတ်-ပစ္စုပ္ပန်-အနာဂတ်
မြန်မာ့စီးပွားရေး သမိုင်းကြောင်းနှင့် အနာဂတ်အလားအလာများ - အတိတ်မှ ယနေ့ထိ ပြောင်းလဲမှုများနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ

Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation

Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.

Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.

📅 New content every week, featuring stories that connect Myanmar’s heritage with its future.

📰 Explore more:

💡
📈 Building an Informed Myanmar, One Story at a Time!

#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media

Share this article
The link has been copied!