သမ္မတ ဂျိုးဘိုင်ဒန်က လာမဲ့ ၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲကနေ တရားဝင်နုတ်ထွက်ကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကြေညာလိုက်ပါတယ်။ အဲဒီကြေညာချက်ထဲမှာ ဂျိုးဘိုင်ဒန်က လာမဲ့ရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီ ကိုယ်စားလှယ်အဖြစ် ဆက်ရွေးကောက်ခံတော့မှာ မဟုတ်ကြောင်းနဲ့ လက်ရှိရှိနေတဲ့ အမျိုးသမီး ဒုသမ္မတ ကမလာဟဲရစ်ကို ပါတီရဲ့ သမ္မတလောင်းအဖြစ် ရွေးဖို့ တိုက်တွန်းပြောကြားလိုက်တာပါ။
ပြီးခဲ့တဲ့ ဇွန်လပိုင်းက သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ စကားစစ်ထိုးပွဲမှာ အရေးနိမ့်ခဲ့ပြီးကတည်းက ဒီမိုကရက်ပါတီဝင်တွေကြား ပြင်းထန်တဲ့ ဖိအားပေးတွေမှုနဲ့ ရင်ဆိုင်ရပြီးတဲ့နောက် အခုလို ထုတ်ပြန်လိုက်တာလဲ ဖြစ်ပါတယ်။ အဲဒီလို ဖိအားပေးတိုက်တွန်းတဲ့ထဲမှာ ဒီမိုကရက်ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ အပါအဝင် သမ္မတဟောင်း အိုဘားမားနဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်း နန်စီပလိုစီတို့လဲ ပါဝင်တာပါ။ ဒါ့အပြင် အမေရိကန်သမိုင်းမှာ အသက်အကြီးဆုံးအဖြစ် မှတ်တမ်းဝင်တဲ့ ၈၁ နှစ်အရွယ် သမ္မတဂျိုးဘိုင်ဒန်ဟာ ဦးနှောက်နဲ့ ပတ်သက်တဲ့ ရောဂါတချို့ ခံစားနေရသူ ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါလဲ ကူးစက်ခံထားရဖူးပါတယ်။ နုတ်ထွက်ပြီးချိန်မှာတော့ သူက အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရတာဟာ သူ့ဘဝအတွက် အကြီးကျယ်ဆုံး ဂုဏ်ယူစရာ ဖြစ်ခဲ့တယ်လို့ ဆိုထားတာပါ။
"ပြန်အရွေးခံဖို့ ရည်သန်ထားပေမဲ့ ပါတီနဲ့ နိုင်ငံအကျိုးကို ကြည့်ပြီး ကျန်ရှိနေသေးတဲ့ သမ္မတသက်တမ်းကိုပဲ အာရုံစိုက် တာဝန်ထမ်းဆောင်သွားတာက အကောင်းဆုံးဖြစ်မယ်လို့ ယုံကြည်ပါတယ်" လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
သမ္မတရွေးကောက်ပွဲ မကျင်းပခင် လေးလအလိုမှာ အခုလို ကြေညာလိုက်တာမို့ ဂျိုးဘိုင်ဒန်နေရာမှာ ဝင်အရွေးခံမဲ့ သမ္မတလောင်းက ကမလာဟဲရစ် ဖြစ်လာဖို့ အခွင့်အရေးများနေတာပါ။ ဒုသမ္မတ ကမ္မလာဟဲရစ်သာ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံမယ်ဆိုရင်တော့ အမေရိကန်သမိုင်းမှာ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာပါလိမ့်မယ်။ ဒါဖြင့်ရင် အမေရိကန်ရဲ့ အနာဂတ်ဘယ်လိုရှိပါသလဲ . . .?
ဒီမိုကရက်တွေ ရွေးကောက်ခံ သမ္မတလောင်းကို ဘယ်တော့ရွေးမှာလဲ . . .?
ဩဂုတ် ၁၉ ရက်နေ့မှာ ကျင်းပဖို့ရှိတဲ့ ဒီမိုကရက်တစ်ပါတီ ညီလာခံမှာ ပါတီကိုယ်စားပြု သမ္မတလောင်းကို ရွေးချယ်ကြရမှာပါ။ သမ္မတအဖြစ် နောက်ထပ်သက်တမ်းတစ်ခုမှာ ဒီမိုကရက်တွေ ဆက်ရှိနိုင်ဖို့ အနိုင်လုရမဲ့ နေရာတွေထဲက တစ်ခုဖြစ်တဲ့ အိုဟိုင်းယိုးပြည်နယ်ကို ဘိုင်ဒန်တစ်ယောက် စည်းရုံးရေးဆင်းဖို့ ရှိပါတယ်။ အခုတော့ ဘိုင်ဒန်တစ်ယောက် ရွေးကောက်ပွဲ ဝင်မပြိုင်တော့မှာမို့ ပါတီကနေ သူ့နေရာကို အစားထိုးဖို့ ကိုယ်စားလှယ်တစ်ယောက် ထည့်ရပါတော့မယ်။ ဒါပေမဲ့ အိုဟိုင်းယိုးပြည်နယ်မှာ အသစ်ပြဋ္ဌာန်းထားတဲ့ ပြည်နယ်ဥပဒေတစ်ခုအရ ရွေးကောက်ပွဲဝင်ပြိုင်မဲ့ ပါတီတွေဟာ သူတို့ကို ကိုယ်စားပြုမဲ့ ကိုယ်စားလှယ်စာရင်းကို ရွေးကောက်ပွဲမတိုင်ခင် ရက် ၉၀ အလိုမှာ ကြိုပေးရမှာပါ။ တခြားပြည်နယ်တွေမှာလဲ အဲဒီလိုအလားတူ အချိန်သတ်မှတ်ချက်တွေ ရှိပါတယ်။ ပါတီရဲ့ ညီလာခံကလဲ လပိုင်းပဲ လိုတော့မှာမို့ ကိုယ်စားလှယ်ရွေးဖို့ကို အတော်လေး အသည်းအသန်ဖြစ်နေချိန်ပေါ့။
ဘိုင်ဒန်နေရာမှာ ဘယ်သူက ကိုယ်စားဝင်မလဲ . . .?
ဒီမိုကရက်ပါတီကိုယ်စားလှယ် အယောက် ၄၇၀၀ လောက်က မဲခွဲပြီးတော့ ကိုယ်စားပြုသမ္မတလောင်းကို ရွေးချယ်ကြရမှာပါ။ ပါတီဝင် ၄၀၀၀ ကျော်လောက်က ဘိုင်ဒန်ကို မဲပေးကြဖို့ ရှိပေမဲ့ အခုတော့ အဲဒီအစီအစဉ်ပျက်ပါပြီ။ သမ္မတဘိုင်ဒန်ကိုယ်တိုင်ကလဲ ဘယ်သူ့ကို ကိုယ်စားလှယ် လွှဲပေးခဲ့တယ်ဆိုတာမျိုး မရှိလို့ ကြိုက်တဲ့သူကို မဲပေးခွင့် ရှိပါတယ်။ ကမ္မလာဟဲရစ်ကိုတော့ ဘိုင်ဒန်က အကြုံပြုခဲ့တဲ့အပြင် လက်ရှိလဲ ဒုသမ္မတတာဝန်ကို ထမ်းဆောင်နေတဲ့ ထိပ်သီးပါတီဝင်တစ်ဦးမို့ အရွေးများကြမှာပါ။ အမေရိကန်ရဲ့ စနစ်အတိုင်း အင်အားများတဲ့အဖွဲ့က ရွေးသူက နိုင်မှာဖြစ်သလို ရလဒ်က မတင်မကျဖြစ်နေရင်လဲ ဒုတိယတစ်ကြိမ် ထပ်မံမဲဆန္ဒပြုနိုင်ပါမယ်။
အပြောများနေကြတဲ့ OPEN CONVENTION ဆိုတာကရော ဘာလဲ . . .?
OPEN CONVENTION ဆိုတာက အပေါ်ကလို ရလဒ်မပေါ်ဘဲ ထပ်ခါထပ်ခါ ကိုယ်စားလှယ်ကို ရွေးနေရမဲ့ အခြေအနေကို ဆိုလိုပါတယ်။ ညီလာခံတံခါး ဖွင့်ထားတာနဲ့ ပိတ်ထားတာဆိုပြီး သုံးနှုန်းတာပါ။ ဥပမာ ရီပက်ဘလစ်ကန်တွေဘက်မှာ သမ္မတလောင်းနေရာက ဝင်ပြိုင်မဲ့ ဒေါ်နယ်ထရမ့်ရှိရင် အဲဒီပါတီက ကိုယ်စားလှယ်လောင်း တိတိကျကျရှိထားပြီးသားမို့ ညီလာခံကို အပိတ်ကျင်းပပါတယ်။ ဒါပေမဲ့ လက်ရှိ ဒီမိုကရက်ဘက်မှာတော့ ရည်ရွယ်ထားတဲ့ သမ္မတလောင်းက နုတ်ထွက်သွားတာမို့ ညီလာခံကို အဖွင့် ဆောင်ရွက်ကြရတော့မှာပါ။ ညီလာခံမှာပဲ တစ်ခါတည်း ကိုယ်စားလှယ်လောင်းကို ရွေးလိုက်နိုင်သလို မဲတွေ ထပ်ခါထပ်ခါပေးရင်း အဖြေမသဲမကွဲဖြစ်သွားတာမျိုးလဲ ရှိနိုင်ပါတယ်။ အချိန်အရမ်းဆွဲမိသွားရင်တော့ ရီပက်ဘလစ်ကန်တွေဘက်က အားသာသွားနိုင်တာပေါ့။
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
ဘယ်လိုရွေးကြမှာလဲ . . .?
ကိုယ်စားလှယ်လောင်းကို ရွေးတဲ့ လုပ်ငန်းစဉ်အသေးစိတ်ကတော့ ပါတီတစ်ခုနဲ့တစ်ခု မတူကြပါဘူး။ အကြမ်းဖျင်းကတော့ ပြည်ထောင်စုသမ္မတရွေးကောက်ပွဲတွေနဲ့ ပုံစံခြင်း ဆင်လေ့ရှိပါတယ်။ စကားစစ်ထိုးပွဲတွေ၊ သတင်းထောက်တွေနဲ့ မီဒီယာတွေဆီမှာ ဖြေကြားတဲ့ အင်တာဗျူးတွေ၊ ညီလာခံတွေမှာ ပြောဆိုပြုမူ လုပ်ကိုင်ပုံတွေနဲ့ ကိုယ်စားလှယ်ရဲ့ နောက်ခံကို ကြည့်ပြီး သင့်/မသင့် ဆုံးဖြတ်ကြတာပါ။ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကတော့ ကမ္မလာဟဲရစ်ကို အားသာကြပါတယ်။
တခြားရော ဘယ်ကိုယ်စားလှယ်တွေက ဘိုင်ဒန်နေရာကို ဝင်ဖို့ စောင့်နေကြလဲ . . .?
ကမ္မလာဟဲရစ်ပြီးရင် ကယ်လီဖိုးနီးယားမြို့တော်ဝန်၊ မီချီဂန်မြို့တော်ဝန်၊ ကော်လိုရာဒိုမြို့တော်ဝန်၊ ပင်ဆယ်လ်ဗေးနီးယားမြို့တော်ဝန်နဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်ဘက်က ကိုယ်စားပြုယှဉ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်ဟောင်းတွေအပါအဝင် ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးတွေလဲ အသင့်ရှိနေကြပါတယ်။ အရင်ရွေးကောက်ပွဲတွေတုန်းကတော့ လိုအပ်လို့သာ 'အိမ်ဖြည့်' ဝင်ရောက်ခဲ့ကြသူ ကိုယ်စားလှယ်တွေကလဲ ဒီလာမဲ့ရွေးကောက်ပွဲမှာ ဘယ်လိုအပြောင်းအလဲတွေနဲ့ ကြုံရမလဲဆိုတာ စိတ်ဝင်စားတဲ့အကြောင်း အသံထွက်နေကြတာပါ။
ကမ္မလာဟဲရစ် လူစိတ်ဝင်စားမှု အခြေအနေ ဘယ်လိုရှိလဲ . . .?
ကမ္မလာဟဲရစ်က ဘိုင်ဒန်နဲ့ မဲရနိုင်တဲ့ အခြေအနေခြင်း 'နီးစပ်' နေပေမဲ့ ထရမ့်ကတော့ သူတို့အားလုံးထက် သာအောင် လူထုစိတ်ဝင်စားမှုကို ဆွဲယူသွားခဲ့ပါပြီ။ ပြီးခဲ့တဲ့ရက်က YouGov အဖွဲ့က ဆောင်ရွက်ခဲ့တဲ့ စစ်တမ်းအရဆိုရင် ဘိုင်ဒန်က ထရမ့်ကို နှစ်မှတ်အလိုနဲ့ ရှုံးနိမ့်နိုင်ပြီး ကမ္မလာကတော့ သုံးမှတ်အလိုနဲ့ အရေးနိမ့်နိုင်တာပါ။ ရိုက်တာက ပြုလုပ်တဲ့ စစ်တမ်းမှာတော့ နှစ်ဖက်စလုံး သရေကျနိုင်တယ်လို့ သိရပါတယ်။ နောက်ပြီး ဘိုင်ဒန်နဲ့ ထရမ့်တို့ရဲ့ စကားစစ်ထိုးပွဲအပြီးမှာ ဆောင်ရွက်ခဲ့တဲ့ CNN က စစ်တမ်းအရဆိုရင်တော့ ဒီမိုကရက်ပါတီတွင်းမှာတင် ဝင်အရွေးခံမဲ့ အဓိကကိုယ်စားလှယ် ဘိုင်ဒန်ကို မဲအရကျော်တက်နိုင်တဲ့ ရွေးကောက်ခံတွေ ရှိနေပါတယ်။ ဒါပေမဲ့ သူတို့လဲ ထရမ့်နဲ့ ယှဉ်ရင်တော့ ရှုံးနိုင်ခြေများဆဲပါပဲ။ ဘိုင်ဒန် ပလ္လင်ပေါ်က ဆင်းလိုက်ရလဲ ဒီမိုကရက်က အားသာဖို့ အခွင့်အလမ်းနည်းတယ်လို့ နိုင်ငံရေးသုတေသီတွေက ဆိုနေပါတယ်။ လက်ရှိအခြေအနေကတော့ ကမ္မလာဟဲရစ်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒီမိုကရက်ကို ထောက်ခံသူဆိုရင်တော့ သူ့ကိုပဲ ဦးစားပေး မဲပေးရင်း လာမဲ့ ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲထဲ အခြေအနေကောင်းအောင် ဆောင်ရွက်ကြရမှာပါ။ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်ကတော့ ရာထူးတာဝန်ကနေ ချက်ချင်း နုတ်ထွက်သွားမှာမဟုတ်ဘဲ ရွေးကောက်ပွဲမတိုင်ခင်အထိ ဆက်လက်ရုံးထိုင်နေမယ်လို့ ဆိုပါတယ်။ ဂျိုးဘိုင်ဒန် အဆိုပြုထားတဲ့ တစ်ဦးတည်းသောသူ ကမ္မလာဟဲရစ်ကတော့ သမ္မတလောင်းဖြစ်တာနဲ့ မဲဆွယ်ဖို့အတွက် ရန်ပုံငွေ ဒေါ်လာသန်း ၁၀၀ အသုံးပြုရဖို့ ရှိပါတယ်။ ဘိုင်ဒန်ရဲ့ ဆုံးဖြတ်ချက်ကိုတော့ ပါတီဝင်အများစုက ကျေနပ်ကြပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ ပါတီတွင်းမှာတင် ဂိုဏ်းသင်းကွဲနေကြပါပြီ။
'ကြွေတစ်လက်၊ ကြက်တစ်ခုန်' ဆန်နေတဲ့ ဒီမိုကရက်တွေ . . . အမေရိကန်တွေ . . .
မြန်မာစကားပုံမှာ ကြွေတစ်လက်၊ ကြက်တစ်ခုန်ဆိုတာ ရှိပါတယ်။ ဘယ်လောက်ပဲ အရှုံးနဲ့ ရင်ဆိုင်နေရရ၊ ကြွေတစ်လက်ပစ်၊ ကြက်တစ်ခါခုန်လိုက်ရုံနဲ့လဲ ကစားပွဲကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်တာပေါ့။ နိုင်ငံရေးဇာတ်ခုံပေါ် ထိုးနေကြတဲ့ စစ်တုရင်ကစားပွဲတိုင်းမှာလဲ ကျွန်တော်တို့ 'မြင်နိုင်တဲ့ အရှုံး' ရှိသလို ကျွန်တော်တို့ 'မမြင်နိုင်တဲ့ နိုင်ကွက်' တွေ အသီးသီးရှိကြပါတယ်။ ဒီတစ်ခေါက်တော့ ဘယ်လိုကြွေလက်တွေက ဘယ်လိုအကွက်ကို ချိန်ကြမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ကြရမဲ့အချိန်ပါ။ အမေရိကန်တို့ရဲ့ အနာဂတ်ဟာလဲ အဲဒီအခြေအနေပေါ် မူတည်နေပါတယ်။
References - Herb, J., Lee, M., Zeleny, J., Mattingly, P., Saenz, A., & Alvarez, P. (2024, July 22). Inside Biden’s unprecedented exit from the presidential race. CNN. https://edition.cnn.com/2024/07/21/politics/inside-bidens-exit-from-2024-race/index.html - Zurcher, A. (2024, July 21). What Biden quitting means for Harris, the Democrats and Trump. https://www.bbc.com/news/articles/cpwd8yzw45qo - BBC News မြန်မာ. (2024, July 21). ရွေးကောက်ပွဲ ဝင်မပြိုင်တော့ဘူးလို့ သမ္မတ ဂျိုးဘိုင်ဒန် ကြေညာ. https://www.bbc.com/burmese/articles/czvx7pr8j5do - Roeloffs, M. W. (2024, July 21). Joe Biden’s letter to Americans: Time ‘To stand Down.’ Forbes. https://www.forbes.com/sites/maryroeloffs/2024/07/21/joe-bidens-letter-to-americans-time-to-stand-down/
Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar 📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c 📌LinkedIn https://www.linkedin.com/showcase/build-myanmar/ 📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx 📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။ Inquiry - [email protected]