ရိုက်တာ၊ လော့စ်အိန်ဂျလိစ်နဲ့ တိုင်းမ်တို့လို နာမည်ကြီး သတင်းဌာနတွေက ဖော်ပြချက်တွေအရတော့ အီလွန်မက်စ်ခ်တစ်ယောက် သူ့လုပ်ငန်းတွေရဲ့ ဌာနချုပ်တွေကို မကြာခင် နေရာပြောင်းရွေ့တော့မယ်လို့ သိရပါတယ်။

အီလွန်မက်စ် ပိုင်တဲ့ လုပ်ငန်းတွေထဲက SpaceX နဲ့ X (ယခင်တွစ်တာ) ကုမ္ပဏီတွေက လက်ရှိအချိန်ထိ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ ရုံးစိုက်လည်ပတ်နေတာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ လပိုင်းက စလို့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ စီးပွားကူးသန်းဥပဒေတွေမှာ အပြောင်းအလဲတွေ၊ ပြဋ္ဌာန်းချက်အသစ်တွေ ရှိလာပြီး အဲဒီအပြောင်းအလဲတွေနဲ့ အီလွန်တို့ မကိုက်တာမို့ တက္ကဆက် (Texas) ကို ပြောင်းတော့မယ်လို့ 'သတင်းသဲ့သဲ့' ထွက်နေတာ ဖြစ်ပါတယ်။

ဘာလို့ ဌာနချုပ်တွေကို ရုတ်ချည်းထပြောင်းဖို့ စီစဉ်ရလဲဆိုတာတော့ လတ်တလော မသိရသေးပါဘူး။ သတင်းဌာနတွေရဲ့ ပြောကြားချက်အရတော့ အီလွန်မက်စ်ခ်ဟာ ကယ်လီဖိုးနီးယား ပြည်နယ်တွင်းမှာ သီးသန့်ကျင့်သုံးတဲ့ စီးပွားကူးသန်းဥပဒေတွေကို အရင်ကတည်းက မနှစ်မြို့ဘဲ ချုပ်ချယ်လွန်း၊ ကန့်သတ်လွန်းတယ်လို့ မြင်သူပါ။ ပြည်နယ်ထဲမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေက အခုမှ စတဲ့ လုပ်ငန်းငယ်တွေအတွက်ဆိုရင် ခေါင်းမထူနိုင်စရာ ကောင်းလောက်အောင်ကို 'အဖိ' ကြမ်းပြီး လုပ်ငန်းကြီးတွေဆိုရင်တော့ လှုပ်မသာအောင် 'အချုပ်'ကြမ်းတယ်လို့ အီလွန်က ပြောလေ့ရှိပါတယ်။

နောက်၊ ဆန်ဖရန်စစ်စကိုထဲ ရုံးချုပ်တည်ထားတဲ့ X ရဲ့ နေရာတစ်ဝိုက်မှာလဲ လုံခြုံရေးပိုင်း ယိုယွင်းကျိုးပေါက်မှုတွေ ရှိနေလို့ လုပ်ငန်းသေချာလည်ပတ်နိုင်ဖို့ ခဲယဉ်းနေတယ်လို့ ပြောပါသေးတယ်။ ဒီအကြောင်းအချက်တွေကြောင့်ပဲ အီလွန်မက်စ်ခ်က သူ့ရဲ့ အာကာသနဲ့ လေကြောင်းနည်းပညာကုမ္ပဏီ SpaceX ကို တက္ကဆက်ပြည်နယ်ရဲ့ စတားဘေ့စ် (Starbase) ဒေသထဲ ပြောင်းရွေ့ပြီး ဆိုရှယ်မီဒီယာကုမ္ပဏီ X ကိုတော့ အော်စတင် (Austin) ကို ရွေ့တော့မယ်လို့ အသံထွက်လာတာပါ။ SpaceX ရဲ့ လွန်းပျံယာဉ်တည်ဆောက်တဲ့ ဆိုက်တွေ၊ မစ်ရှင်ထိန်းချုပ်ရေးစင်တာတွေနဲ့ တခြားကုန်ပစ္စည်းသိုလှောင်ရာ ဌာနေတွေကိုတော့ ကယ်လီဖိုးနီးယားမှာပဲ ထားရှိအုံးမယ်လို့ ဆိုပါတယ်။

အခုလိုမျိုး SpaceX နဲ့ X တို့ရဲ့ ဌာနချုပ်တွေကို နေရာရွှေ့တာကြောင့် တက္ကဆက်နဲ့ ကယ်လီဖိုးနီးယားပြည်နယ်တို့ရဲ့ စီးပွားရေးကဏ္ဍမှာလဲ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပြုထားတာပါ။ တက္ကဆက်ပြည်နယ်ဟာ ဝင်ငွေခွန် ကောက်ခံခြင်း မရှိလို့ ပြည်နယ်တွင်းကို ရင်းနှီးမြှုပ်နှံသူတွေနဲ့ အလုပ်သမားစိမ့်ဝင်မှု များပါတယ်။ ဒါပေမဲ့ အခုလို နာမည်ကြီး နည်းပညာကုမ္ပဏီတွေပါ ရွှေ့ပြောင်းအခြေချလာခဲ့မယ် ဆိုရင်တော့ ပြည်နယ်ရဲ့ စီးပွားရေးအခြေအနေက အရင်ထက် ပိုပြီးတိုးတက်လာတော့မှာပါ။

အီလွန်မက်စ်ခ်က သူ့ရဲ့ နျူရယ်လင့်ခ်ကုမ္ပဏီ (Neuralink) နဲ့ တက်စ်လာကုမ္ပဏီ (Tesla) တို့ကိုလဲ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက တက္ကဆက်ပြည်နယ်ထဲ ရွှေ့ပြောင်းထားပါတယ်။ လုပ်ငန်းလိုင်စင်တွေကိုလဲ တက္ကဆက်ပြည်နယ်အောက်မှာ ပြန်မှတ်ပုံတင်ထားတယ်လို့ သိရပါတယ်။

References: Sherman, N. (2024, July 17). Elon Musk to move SpaceX and X HQ over gender identity law. https://www.bbc.com/news/articles/c1vd097z7rvo

Build Myanmar Media ရဲ့ Update လုပ်ဆောင်ချက်တွေအတွက် 📌Facebook https://www.facebook.com/buildmyanmar

📌YouTube https://youtube.com/@buildmyanmarmedia?si=pdavs8BA4OUVAs9c

📌LinkedIn https://www.linkedin.com/showcase/build-myanmar/

📍နည်းပညာ၊ Startup နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Groupထဲမှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ https://t.me/+6_0G6CLwrwMwZTIx

📍လူမှုအဖွဲ့အစည်းအတွက် အပြုသဘောဆောင်သောအကြံပြုချက်များကို အောက်ပါ Mail ကနေ ဆက်သွယ်ပေးပို့နိုင်ပါတယ်။

Inquiry - [email protected]

#TechNews #BuildMyanmar #Tech #Myanmar #Weeklynews #Elon_Musk #media #BuildMyanmarMedia

Share this article
The link has been copied!