လူတစ်ယောက် ၊ လူမျိုးတစ်မျိုးရဲ့ နေ့စဉ်နေထိုင်မှုပုံစံကို အခကြေးငွေပေးပြီး ကြည့်ရတယ်ဆိုတာ တန်ဖိုးတစ်ခုလား၊ ဒါမှမဟုတ် လူ လူချင်း ခေါင်းပုံဖြတ် အမြတ်ထုတ်ခံနေရတာလား။ တိရစ္ဆာန်တွေကို လှောင်အိမ်ထဲထည့်ပြီး ပြသတဲ့ တိရစ္ဆာန်ရုံယဉ်ကျေးမှုကိုတောင် တိရစ္ဆာန်အခွင့်အရေး ချိုးဖောက်တာဆိုပြီး ပြောဆိုလာနေပြီဖြစ်တဲ့ ဒီနေ့ခေတ်လူမှုစံနှုန်းတွေထဲမှာ လူမျိုးစုအခြေပြု ခရီးသွားလုပ်ငန်းဟာ အငြင်းပွားစရာ ဖြစ်လာနေပါပြီ။
မနုဿလှောင်ချိုင့် (Human Zoo) ဆိုပြီး ဝေဖန်မှုတွေရှိနေတဲ့ ထိုင်းနိုင်ငံရဲ့ မယ်ဟောင်ဆောင် ခရိုင်ထဲက long neck village ဆိုတဲ့ ရွာတွေဟာလည်း ဒီငြင်းခုံမှုတွေကြားထဲမှာ ရှိနေပါတယ်။ အဲဒီရွာတွေဆီ သွားလည်ဖို့အတွက် တစ်ယောက်ကို အမေရိကန်ဒေါ်လာ ၇၄ ဒေါ်လာလောက် ကုန်ကျပါတယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ချင်းမိုင်ကနေ မော်တော်ဘုတ်စီးပြီး လာမယ်ဆိုရင်တော့ ရွာတွေထဲဝင်တာနဲ့ တစ်ယောက်ကို ဘတ် ၃၀၀ ကနေ ၅၀၀ ကြား ပေးရပါတယ်။
ဒီနေ့ခေတ် ကမ္ဘာနဲ့ ကင်းကွာနေတဲ့ လူနေမှုဓလေ့ထုံးတမ်းတွေ၊ ဝတ်စားဆင်ယင်မှုတွေ နဲ့ ထူးခြားတဲ့ယဉ်ကျေးမှုစံနှုန်းတွေ ရှိနေတဲ့ လူမျိုးစုတွေ သီးသန့်နေထိုင်နေတဲ့ ရွာတွေဖြစ်ပါတယ်။ လျှပ်စစ်မီးမရှိ၊ ခေတ်မီအသုံးအဆောင်မရှိဘဲ စက်မှုမထွန်းကားခင် ခေတ်တွေကအတိုင်း နေထိုင်နေကြတာဖြစ်လို့ ရွာထဲ ရောက်တာနဲ့ သီးသန့်ကမ္ဘာထဲ ရောက်သလို ဖြစ်သွားမှာပါ။
ဒါပေမဲ့ အဲဒီရွာတွေမှာ နေထိုင်နေကြတဲ့ တိုင်းရင်းသားတွေဟာ ထိုင်းနိုင်ငံရဲ့ တိုင်းရင်းသားလူမျိုးစု မဟုတ်ဘဲ မြန်မာနိုင်ငံက ကယန်းလူမျိုးတွေ ဖြစ်နေပါတယ်။ မြန်မာနိုင်ငံက ကယန်းလူမျိုးတွေ ဘာကြောင့် ဒီမှာ ရောက်နေရတာလဲ။ သူတို့တွေဟာ ဘာကြောင့် ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းရဲ့ ခွေးသွားစိပ်တွေ ဖြစ်နေရတာလဲ။
ဒီလို ရှုပ်ထွေးမှုကြောင့် ဒီရွာတွေဟာ မနုဿလှောင်ချိုင့် (Human Zoo) ဖြစ်တယ်ဆိုတဲ့ ငြင်းခုံမှုတွေကို ပိုပြီးကျယ်လောင်စေရတဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်လာနေတာပါ။
မယ်ဟောင်စောင် အစ
၁၉၈၄ က စပြီး ကယားပြည်နယ်က ကယန်းတွေဟာ ထိုင်းနိုင်ငံဘက်ကို အစုလိုက် အပြုံလိုက် ရောက်လာခဲ့ကြပါတယ်။ ဒီလို ရွှေ့ပြောင်းလာကြတဲ့ နောက်ကွယ်မှာ အကြောင်းအရင်းတွေ အများကြီး ရှိနေပါတယ်။
နယ်မြေရှင်းလင်းရေးဆိုတဲ့ အဲဒီခေတ်မြန်မာစစ်အစိုးရရဲ့ ခေါင်းစဉ်အောက်မှာ တိုင်းရင်းသားရွာပေါင်းများစွာဟာ ဖျက်ဆီးရှင်းလင်းခံခဲ့ရပါတယ်။ စစ်တပ်ရဲ့ ဖြတ်လေးဖြတ် အစီအစဉ်ကို ကယားပြည်နယ်က တိုင်းရင်းသားတွေလည်း ခံစားခဲ့ကြရပါတယ်။ ပြည်နယ်တွင်း မငြိမ်သက်မှုတွေ၊ စစ်တပ်ရဲ့ စစ်ကြောင်းထိုး ရှင်းလင်းမှုတွေ၊ ဆက်ကြေးပေးရတာတွေ၊ ပေါ်တာဆွဲခံရတာတွေနဲ့ စီးပွားရေး၊လူမှုရေးနဲ့ အသက်ရှင်ရပ်တည်ရေးအတွက် ခြိမ်းခြောက်ခံလာရတာတွေဟာ အစုအလိုက်အပြုံလိုက် နေရပ်စွန့်ခွာခဲ့ရတဲ့ နောက်ခံအကြောင်းအရင်းတွေ ဖြစ်လာပါတယ်။
ကိုယ့်နေရပ်ကို စွန့်ခွာရတဲ့အခါ နယ်နမိတ်ချင်း နီးစပ်နေတဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင်ဟာ ရွှေ့ပြောင်းနေထိုင်ဖို့အတွက် အသင့်လျော်ဆုံးနေရာ ဖြစ်လာပါတယ်။ စစ်ပြေးဒုက္ခသည်တွေအဖြစ် ဝင်ရောက်လာတဲ့ ကယန်းတွေကို ထိုင်းအာဏာပိုင်တွေက သတိထားမိသွားပါတယ်။
ထူးခြားတဲ့ သွင်ပြင်လက္ခဏာရှိတဲ့ ကယန်းအမျိုးသမီးတွေရဲ့ လည်တိုင်ရှည်တွေက ထိုင်းအာဏာပိုင်တွေအတွက် စိတ်ဝင်စားစရာတစ်ခု ဖြစ်လာပါတယါ။ ကယန်းအမျိုးသမီးတွေရဲ့ ကြေးကွင်းပတ်ဓလေ့ကို အခြေခံပြီး လူမျိုးစုလေ့လာရေး ခရီးသွားလုပ်ငန်းလုပ်ဖို့ အကြံဉာဏ်ရလာပါတယ်။ အဲဒီလိုနဲ့ ၁၉၈၅ မှာ စီမံကိန်း စခဲ့ပါတယ်။
ကယန်းရွာထဲက အခွင့်အရေးတွေ
ခရီးသွားစီမံကိန်း စ တော့ ပထမဆုံးအနေနဲ့ မယ်ဟောင်ဆောင်မှာ ကယန်းတွေ သီးသန့်နေထိုင်ဖို့ ရွာတည်ပေးပါတယ်။ မြေကို အခမဲ့ ပေးပါတယ်။ ရိုးရာအိမ်တွေကို ဆောက်ခွင့်ပေးပါတယ်။ သူတို့ ကိုယ်တိုင်လုပ်ထားတဲ့ ရိုးရာဂျပ်ခုတ်ထည်တွေ နဲ့ လက်မှုထည်တွေ ရောင်းချခွင့်ပေးပါတယ်။ ကျန်းမာရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု စင်တာတွေ လုပ်ပေးပါတယ်။ ကလေးမီးဖွားတာနဲ့ ပြင်းထန်တဲ့ရောဂါတွေလို အကြီးစား ကျန်းမာရေးပြဿနာတွေအတွက်ဆိုရင်တော့ ဆေးရုံမှာ ဆေးကုသခွင့်ပေးပါတယ်။
ကလေးတွေပညာသင်ဖို့အတွက် အခြေခံကျောင်းတွေ ဖွင့်ပေးပါတယ်။ အလယ်တန်းအဆင့်ပြောင်းချင်ရင်လည်း မယ်ဟောင်ဆောင်မှ မဟုတ် ထိုင်းနိုင်ငံရဲ့ ဘယ်နေရာမှာမဆို ကျောင်းတက်ခွင့်ရပါတယ်။
အဲဒါတွေအပြင် ကယန်းတွေကို လစဉ်ထောက်ပံ့ကြေးဆိုပြီး စီစဉ်ပေးပါတယ်။ အသက် ၁၂ နှစ်အထက်ကို ထိုင်းငွေ ဘတ် ၁၅၀၀ ( မြန်မာကျပ်ငွေ နှစ်သိန်းဝန်းကျင် ) ၊ ၁၂ နှစ်အောက်ကို ဘတ် ၇၅၀ ( မြန်မာကျပ်ငွေ တစ်သိန်းဝန်းကျင် ) ပေးပါတယ်။ ဒါပေမဲ့ ဒီထောက်ပံ့ကြေးတွေက ကြေးကွင်းပတ်အမျိုးသမီးတွေကိုပဲ ပေးပါတယ်။ ကယန်းအမျိုးသားတွေက ထောက်ပံ့ကြေးမရပါဘူး။
နေထိုင်ခွင့်အတွက်ဆိုပြီး အပြာရောင်ကတ်နဲ့ အစိမ်းရောင်ကတ်ဆိုပြီး သတ်မှတ်ထားပေးပါတယ်။ အပြာရောင်ကတ်ဆိုတာ ၁၉၈၅ ၊ အောက်တိုဘာ ၃ ရက် မတိုင်ခင် ကတည်းက ထိုင်းမှာ အခြေချခဲ့တဲ့ ကယန်းတွေအတွက်ပါ။ အစိမ်းရောင်ကတ်ကတော့ ၁၉၈၅ အောက်တိုဘာ ၃ ရက် နောက်ပိုင်းမှ ရောက်လာကြတဲ့ ကယန်းတွေအတွက်ပါ။ ဒီကတ်တွေဟာ ဧည့်နိုင်ငံသားကတ်လိုမျိုးပါ။ ဒါပေမဲ့ မဲထည့်လို့မရသလို ခရီးသွားလာခွင့်မှာတော့ အကန့်အသတ် ရှိပါတယ်။ ဒီကတ်တွေ ကိုင်ဆောင်ထားတဲ့ မိဘတွေကနေ မွေးဖွားလာတဲ့ ကလေးတွေကတော့ ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရပြီးတော့ ပညာရေးမှာ မယ်ဟောင်ဆောင်ပြင်ပထိ သွားရောက်သင်ယူခွင့် ရှိပါတယ်။
ကယန်းရွာထဲက ပိတ်ပင်မှုတွေ
ကြေးကွင်းပတ်ဓလေ့ကို အခြေခံတဲ့ ခရီးသွားအစီအစဉ် လုပ်ထားတာဖြစ်လို့ ကယန်းရွာမှာ နေထိုင်ကြတဲ့ ကယန်းအမျိုးသမီးတွေအကုန်လုံး ကလေးကစလို့ အသက်ကြီးပိုင်းထိ ကြေးကွင်းဝတ်ထားရပါတယ်။ ရွာထဲမှာလည်း ဝတ်ထားရသလို အပြင်သွားမယ်ဆိုရင်လည်း ဝတ်ထားရပါတယ်။ ဒါဟာ ခြွင်းချက်မရှိ တင်းကျပ်ထားတဲ့ စည်းကမ်းပါ။
ကြေးကွင်းပတ်တာအပြင် အဝတ်အစားဆိုလည်း ရိုးရာအဝတ်အစားကို အပြည့်အစုံဝတ်ရပါတယ်။ ကိုယ့်မျိုးနွယ်စု မိခင်ဘာသာစကားကိုပဲ ပြောရပါတယ်။ ထိုင်းစကား တတ်ရင်တောင် မပြောရပါဘူး။ ကယန်းအမျိုးသမီးတစ်ယောက်ဟာ လည်ပင်းကြေးကွင်းမပါဘဲ၊ ရိုးရာအဝတ်အစားမဝတ်ဘဲ ရွာရဲ့အပြင်ကို ထွက်မယ်ဆိုရင် အဖမ်းခံရနိုင်ခြေများပါတယ်။
ဘန်ကောက်နဲ့ ချင်းမိုင် လို နေရာမျိုးထိ သွားခွင့်ရတဲ့အချိန်ဆိုတာ ခရီးသွားမြှင့်တင်ရေးအတွက် ထိုင်းအစိုးရက စီစဉ်ပေးတဲ့ ပရိုမိုးရှင်းခရီးစဉ်တွေပဲ ရှိပါတယ်။ သာမန်အချိန်တွေမှာတော့ သွားခွင့်မရှိပါဘူး။
ထိုင်းအစိုးရ စီစဉ်ပေးထားတဲ့ နေထိုင်ခွင့်ကတ်ပြားတွေဆိုတာ ကယန်း ၃၀ ရာခိုင်နှုန်းလောက်ပဲ ရကြတာပါ။ အများစုက ရွှေ့ပြောင်းလုပ်သားကတ်တွေပဲ ကိုင်ဆောင်ထားကြတာပါ။ ဒါကြောင့် ကယန်းအမျိုးသမီးတွေပဲ ခြေချုပ်မိတာမဟုတ်ပါဘူး။ ကယန်းအမျိုးသားတွေကလည်း နေထိုင်ခွင့်ကတ်ပြားရှိသူ အနည်းအကျည်းလောက်သာ လွတ်လွတ်လပ်လပ် စီးပွားရှာလို့ ရတာပါ။ အများစုကတော့ ရွာအနီးနားမှာပဲ တောင်ယာလုပ်ကိုင်ပြီး ရှာဖွေစားသောက်ကြတာမျိုး၊ ရိုးရာလက်မှုပစ္စည်းတွေအတွက် ကူညီပေးတာမျိုးပဲ လုပ်ကြပါတယ်။ သူတို့ဟာ ကယန်းအမျိုးသမီးတွေလို အစိုးရ ထောက်ပံ့ကြေးလည်း မရှိတာကြောင့် အမျိုးသမီးတွေကသာ အဓိက ဝင်ငွေရှာပေးနေရသလို ဖြစ်နေပါတယ်။
ရွာထဲမှာ နေထိုင်တဲ့ပုံစံဆိုလည်း ရိုးရာနည်းအတိုင်း တသွေမတိမ်း နေထိုင်ရပါတယ်။ ရွာမှာ လျှပ်စစ်မီးမရှိပါဘူး။ ခေတ်မီအသုံးအဆောင်မရှိရပါဘူး။ နောက်ဆုံးပေါ် နည်းပညာတွေနဲ့ လူနေမှုပုံစံတွေဟာ ကယန်းရွာတွေမှာ အထူးတားမြစ်ထားတဲ့ အရာတွေပါ။ ကယန်းလူမျိုးတွေရဲ့ သီးသန့်ဖြစ်တည်နေတဲ့ ဓလေ့ထုံးတမ်းတွေ၊ ရိုးရာနေထိုင်မှုပုံစံတွေကို ပြသထားတာမျိုး ဖြစ်တာကြောင့် နေထိုင်မှုပုံစံပြောင်းသွားရင် ခရီးသွားတွေ မလာတော့မှာစိုးတာကြောင့် ရှေးရိုးရာနည်းအတိုင်းပဲ နေထိုင်ရပါတယ်။
ဆိုတော့ ဒါတွေက အမေရိကန်က ရှေးရိုးစွဲ အားမစ်ရှ်တွေနဲ့ အလားသဏ္ဍာန်တူပါတယ်။ အားမစ်ရှ်တွေကတော့ သူတို့ကိုယ်တိုင် လျှပ်စစ်မီးမရှိ၊ ခေတ်မီပစ္စည်းမရှိတဲ့ ဘဝကို ရွေးချယ်ခဲ့တာဖြစ်ပြီး ကြွေးကွင်းဝတ် ကယန်းတွေကတော့ ခေတ်မီပစ္စည်းတွေသုံးချင်ရင်တောင် ထိုင်းအစိုးရထောက်ပံ့မှုမရမှာစိုးလို့ မသုံးရဲတဲ့ဘဝပါ။
နောက်တစ်ချက်က ကယန်းတွေဟာ တတိယနိုင်ငံတွေဆီ အခြေချခွင့် မရှိပါဘူး။ ဒီလို ပိတ်ပင်မှုတွေဟာ ကယန်းလူငယ်မျိုးဆက်သစ်တွေ နဲ့ လူ့အခွင့်အရေးသမားတွေအတွက် ထိုင်းအစိုးရအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်လာစေပါတယ်။
မြန်မာနဲ့ ထိုင်းကြားက ကြေးကွင်းတွေ
မြန်မာနိုင်ငံထဲ နေထိုင်နေတဲ့ ကယန်းမိန်းကလေးတစ်ယောက်ဟာ သူ့လည်ပင်းမှာ ကြေးကွင်းတွေကို မဝတ်ချင်တော့ဘူးဆိုပြီး ငြင်းပယ်ချင်ရင် ငြင်းပယ်လို့ရပါတယ်။ ကြေးကွင်းမဝတ်ဘဲ လွတ်လွတ်လပ်လပ် သွားချင်ရာကို သွားလို့ရပါတယ်။ ဒါပေမဲ့ မယ်ဟောင်ဆောင်က ကယန်းရွာတွေမှာ နေထိုင်နေတဲ့ ကယန်းမိန်းကလေးတွေကတော့ ဒီအခွင့်အရေးကို လုံးဝ မရပါဘူး။
ကမ္ဘာကြီးကို ဆွဲဆောင်ထားတဲ့ ကယန်းအမျိုးသမီးတွေရဲ့ လည်တိုင်ပေါ်က ကြေးကွင်းပတ်ယဉ်ကျေးမှုဟာ နှစ်ပေါင်း ၉၀၀ ကျော်လောက် ရှိနေပါပြီ။ ကြေးကွင်းပတ်တဲ့ ယဉ်ကျေးမှုက အနောရထာ နန်းစံတဲ့ အေဒီ ၁၀၇၀ ဝန်းကျင် ပုဂံခေတ်လောက်ကတည်းက လို့ ကယန်းလူမှုရေးအဖွဲ့က ထုတ်တဲ့ “ကယန်းအမျိုးသား၏ ဆွေစဉ်မျိုးဆက် မှတ်တမ်းဝင်များ” သုတေသနစာစောင်မှာ ဖော်ပြထားပါတယ်။
ကယန်းတွေဟာ နဂါးမျိုုးနွယ်ကနေ ဆင်းသက်လာကြသူတွေဖြစ်လို့ မိခင်နဂါးမနဲ့တူအောင် လည်ပင်းမှာ ကြေးကွင်းတွေကို အထပ်ထပ်ပတ်ပြီး ဝတ်ဆင်ကြတာလို့ ကယန်းတွေက အစဉ်အဆက် ယုံကြည်ထားကြပါတယ်။
ဒီလို နဂါးအနွယ်ဖြစ်တယ်ဆိုတဲ့ ယူဆချက်အပြင် ပဒေသရာဇ်ခေတ်က မြန်မာဘုရင်တွေရဲ့ သိမ်းပိုက်မှုကနေ ကာကွယ်ချင်လို့ ကြေးကွင်းပတ်ကြသလို၊ ကျားလို အန္တရာယ်ပြုနိုင်တဲ့ သားကောင်တွေရဲ့ ရန်ကနေ လွတ်ကင်းအောင် ကြေးကွင်းပတ်ကြတယ်ဆိုတဲ့ ဇာတ်ကြောင်းကွဲတွေလည်း ရှိပါသေးတယ်။
ဒီလိုယူဆချက်ကွဲတွေ ရှိနေပေမဲ့ ကယန်းအမျိုးသမီးတွေအတွက် ကြေးကွင်းပတ်တယ်ဆိုတာ သေတဲ့အထိ တမြတ်တနိုး ထိန်းသိမ်းသွားရမယ့် အမွေအနှစ်တစ်ခုအဖြစ် သတ်မှတ်ကြပါတယ်။ ဒါကို အလှတရားစံနှုန်းတစ်ခုအဖြစ် ခံယူကြပါတယ်။ လည်တိုင်ရှည်လေ ပိုလှလေပါပဲ။
ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ ကြေးကွင်းပတ်ယဉ်ကျေးမှုဟာ ခေတ်နဲ့ပွတ်တိုက်မှုတွေ ရှိလာပါတယ်။ သာမန်ထက် သိသာစွာကွဲပြားနေတဲ့ ဒီကြေးကွင်းတွေဟာ ခေတ်နဲ့အညီ နေထိုင်မှုမှာ အဟန့်အတားသဖွယ် ဖြစ်လာစေပါတယ်။ ထူးဆန်းတဲ့အမြင်နဲ့ ကြည့်ခံတာမျိုးအပြင် ကိုယ်ကိုယ်တိုင်ကလည်း ဒါကို မလွတ်လပ်ဘူးလို့ ခံယူလာကြတဲ့ မျိုးဆက်တွေ ရှိလာနေပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာဆိုရင် ကြေးကွင်းဝတ်ထားတဲ့ ကယန်းအမျိုးသမီးတွေက အသက်ကြီးပိုင်းတွေဖြစ်ကြပြီး ဒီမော့ဆိုမြို့နယ်ထဲက ပန်ပက်ရွာမှာပဲ တွေ့ရပါတော့တယ်။ မြန်မာမှာ ကြေးကွင်းပတ် ကယန်းအမျိုးသမီးတွေဟာ အင်မတန်မှကို ရှားပါးလာနေပါပြီ။
ကြေးကွင်းပတ်ကယန်းအမျိုးသမီးတွေ မြင်ချင်ရင် ထိုင်းကို သွားကြည့်လို့တောင် ပြောရမလို ဖြစ်နေပါပြီ။ မြန်မာနိုင်ငံထဲမှာ မှိန်ဖျော့ပျောက်ကွယ်မတတ် ဖြစ်လာနေတဲ့ ကြေးကွင်းပတ်ဓလေ့ဟာ ထိုင်းနိုင်ငံအတွက်တော့ အခိုင်အမာရှိနေပြီး နိုင်ငံခြားငွေ အကြီးအကျယ်ရှာပေးနေတဲ့ အမွေအနှစ်တစ်ခု ဖြစ်လို့နေပါတယ်။
ဒီကွာခြားမှုကို ကောင်းတယ် ၊ ဆိုးတယ် ဆိုပြီး အလွယ်တကူ ကောက်ချက်ချဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒီကြေးကွင်းတွေမှာ ရှုပ်ထွေးတဲ့အခြေအနေတွေ ရှိနေပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တာ၊ လူကို တိရစ္ဆာန်လို ရုံသွင်းပြစားနေတာဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေပေမဲ့ ဒါကို ဖြေရှင်းပေးမယ့် အစီအစဉ်ဆိုတာလည်း ရှိမနေပါဘူး။
ကိုဗစ်ကာလ ခရီးသွားကဏ္ဍတွေ အကြီးအကျယ် ရိုက်ခတ်ခံလိုက်ရတုန်းက မယ်ဟောင်ဆောင်က ကယန်းတွေဟာ ပြည်တွင်းကို ပြန်လည်ဝင်ရောက်လာကြပါတယ်။ မယ်ဟောင်ဆောင်မှာ နေခဲ့တုန်းကလို ကိုယ့်ရပ်ကိုယ့်ရွာမှာ ပြန်လည်အခြေချပြီး ရိုးရာလုပ်ငန်းတွေ လုပ်ကိုင်ပြီး ခရီးသွားလုပ်ငန်းတွေလုပ်ဖို့ အစပျိုးခဲ့ကြပါသေးတယ်။
ဘယ်သူမဆို ကိုယ့်မွေးရပ်မှာသာ ပျော်ရွှင်ကြသူတွေချည်းပါ။ ကိုယ့်မြေကိုယ့်ရေမှာ လွတ်လပ်စွာ ရှင်သန်ချင်ကြသူချည်းပါ။ ကယန်းလူမျိုးတွေဟာ တစ်ခေတ်တစ်ခါက အင်အားကြီးပြီး သမိုင်းအစဉ်အလာနဲ့ နေထိုင်ရပ်တည်ခဲ့ကြသူတွေပါ။
ပျောက်ဆုံးသွားသော မြေ
ကယားလို့ခေါ်တဲ့ ကရင်နီပြည်နယ်ဟာ တချိန်တုန်းက သီးခြားလွတ်လပ်ပြီး ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ နေလာခဲ့တဲ့ ဒေသတစ်ခုပါ။ ၁၈၇၅ ခုနှစ်မှာ မြန်မာဘုရင်ကိုယ်စားလှယ် ကင်းဝန်မင်းကြီးနဲ့ အိန္ဒိယဘုရင်ခံချုပ် ကိုယ်စားလှယ် ဆာဒေါ့ကလပ်ဖောဆစ်တို့ ချုပ်ခဲ့တဲ့ မဟာမိတ်သဘောတူစာချုပ်မှာ ကရင်နီပြည်နယ်ကို သီးခြားလွတ်လပ်တဲ့နယ်မြေအဖြစ် ဖော်ပြခဲ့ပါတယ်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးတွေ၊ စစ်အစိုးရအဆက်ဆက်ရဲ့ လူမျိုးရေးဖိနှိပ်မှုတွေအောက်မှာ ကရင်နီလူမျိုးစုတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေ၊ ဘဝရပ်တည်ရှင်သန်ရေးတွေဟာ တိမ်ကောပါးလျ လာခဲ့ရပြီး နောက်ဆုံး နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့အထိ ဆိုက်ရောက်လာခဲ့ပါတယ်။
အရပ်သားအစိုးရဖြစ်လာပြီး ဒီမိုကရေစီရောင်နီသန်းချိန်ကာလမှာ မျှော်လင့်ချက်တွေ ပြန်လည်စည်ပင်လာခဲ့ပါတယ်။ မယ်ဟောင်ဆောင်ဘက်က ကယန်းတွေ ပြန်လည်ဝင်ရောက်အခြေချပြီး ကိုယ့်မြေကိုယ့်ရေ ကို ပြန်လည်ပိုင်ဆိုင်လာခဲ့ပါသေးတယ်။
ဒါပေမဲ့ အာဏာသိမ်းမှုဆိုတဲ့ လှိုင်းတံပိုးကြီး ရိုက်ခတ်လာချိန်မှာတော့ ကယားပြည်နယ်လို့ ခေါ်တဲ့ တစ်ချိန်က ကရင်နီပြည်ဟာ အစောဆုံး စစ်ဘေးဒဏ်ခံ နေရပ် ဖြစ်ခဲ့ပါတယ်။ ကယန်းလူမျိုးတွေရဲ့ ကရင်နီအိပ်မက်ဟာ တစ်ဖန် ဖျက်ဆီးခံခဲ့ရပြီး မယ်ဟောင်ဆောင်ဆီ အလုံးအရင်းနဲ့ပြန်လည် ဝင်ရောက်ရပြန်ပါတယ်။
ထိုင်းအစိုးရဟာ ကယန်းတွေကို နေထိုင်ခွင့်ပေးပြီး အသက်အိုးအိမ်စည်းစိမ်အတွက် လုံခြုံမှုပေးထားရတဲ့ အဖိုးအခအနေနဲ့ ခရီးသွားအစီအစဉ်ကို စီစဉ်ထားတာပါ။ ဒါဟာ အမြတ်ထုတ်တယ်လို့ ထင်စရာရှိပေမဲ့ နေရပ်စွန့်ခွာလာခဲ့ရတဲ့ ကယန်းတွေအတွက်တော့ ဒါဟာ အလုံခြုံဆုံးနည်းလမ်း ဖြစ်နေနိုင်ပါတယ်။ ကိုယ့်နိုင်ငံကို ပြန်လာဖို့အတွက် သူတို့ရဲ့ လုံခြုံရေး၊ စီးပွားရေးနဲ့ သားသမီးတွေရဲ့ ပညာရေးအတွက် လုံလောက်တဲ့ အာမခံချက်တွေ မြန်မာမှာ ရှိမနေပါဘူး။
ပြီးခဲ့တဲ့ ဧပြီ လတုန်းက မယ်ဟောင်ဆောင် ခရိုင်ထဲက ကယန်းရွာ လေးရွာပေါင်းပြီး ကယန်းရိုးရာ တံခွန်တိုင်ပွဲတော်ကို ပထမဦးဆုံး ကျင်းပခဲ့ကြပါတယ်။ အငှားမြေမှာ ကိုယ့်ရိုးရာပွဲကို လုပ်နေတာက ကြံ့ခိုင်စည်းလုံးတဲ့ စိတ်ဓာတ်ကို ပြသ သလိုလည်း ဖြစ်သလို ပါးလျားလာပြီဖြစ်တဲ့ အိမ်အပြန်အိပ်မက် တစ်ခုလည်း ဖြစ်ပါတယ်။
မယ်ဟောင်ဆောင်က ကြေးကွင်းဝတ် ကယန်းလည်တိုင်တွေဟာ ကမ္ဘာကြီးက ဖြေရှင်းမပေးနိုင်သေးတဲ့ ပုစ္ဆာတစ်ပုဒ်အဖြစ် ရှိနေပါတယ်။ ဒါကို ထိုင်းနိုင်ငံမှာ ဘတ် ၅၀၀ ပေးပြီး ကြည့်နိုင်ပါတယ်။ လူတွေကို Human Zoo အဖြစ် ပြသနေတာကို ကြည့်မယ်၊ မကြည့်ဘူးဆိုတာက ကိုယ်ပိုင် ခံယူချက်နဲ့ သက်ဆိုင်နေပါလိမ့်မယ်။
နုသစ်မိုး ( Y3A )
Read More:
Build Myanmar - MediaY3A
Build Myanmar - MediaY3A
Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation
Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.
📅 New content every week, featuring stories that connect Myanmar’s heritage with its future.
📰 Explore more:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: [email protected]
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media