 
                            ရွှေပြည်သာမှာနေထိုင်တဲ့ လက်လုပ်လက်စားလူတစ်ယောက်အနေနဲ့ အင်္ဂလန်လိုနိုင်ငံကို သွားနိုင်ဖို့ဆိုတာ မဖြစ်နိုင်လောက်အောင် ခက်ခဲနိုင်ပေမဲ့ အင်္ဂလန်က အမှိုက်တစ်ခုကတော့ မြန်မာနိုင်ငံက သူနေထိုင်ရာအိမ်ရှေ့ဆီ လွယ်လင့်တကူပဲ ရောက်လာနိုင်ပါတယ်။
အိမ်ရှေ့ထွက်လိုက်တာနဲ့ ဆီးကြိုနေတဲ့ အမှိုက်ပုံ၊ လေထုထဲ ပျံ့နေတဲ့ ဆိုးရွားတဲ့အနံ့တွေဟာ ရွှေပြည်သာရဲ့ ပျံကျရပ်ကွက်တွေကို မောင်ပိုင်စီးထားကြပါတယ်။ မြို့တည်တုန်းက မြို့ပြစီမံကိန်းအရ အိမ်ခြေ ၁၀၀ မှာ ပန်းခြံတစ်ခုထားဖို့ဆိုပြီး မြေလွတ်တွေအများကြီး ဖန်တီးထားခဲ့တာက အခုတော့ ခြိမ်းခြောက်မှုတစ်ခုလို ဖြစ်လာပါပြီ။
အဲဒီခြိမ်းခြောက်မှုကတော့ လူနေထိုင်မှုလည်းမရှိ၊ ပန်းခြံလည်းဖြစ်မလာတဲ့ မြေလွတ်တွေမှာ အခန့်သားနေရာယူလာတဲ့ အမှိုက်ပုံတွေပါပဲ။
ရွှေပြည်သာက အမှိုက်ပုံ
ရန်ကုန်မှာ တရားဝင်အမှိုက်စွန့်ပစ်လို့ရတဲ့ နေရာ လေးခုရှိပါတယ်။ လှိုင်သာယာက ထိန်ပင်အမှိုက်ပုံ၊ အရှေ့ဒဂုံက ထားဝယ်ချောင်အမှိုက်ပုံ၊ ဒလ က ဒလစွန့်ပစ်အမှိုက်ပုံ နဲ့ ဆိပ်ကြီးခနောင်တိုက ဆိပ်ကြီးခနောင်တိုစွန့်ပစ်အမှိုက်ပုံ ပါ။ ရန်ကုန်ဟာ တစ်နေ့ကို ပျမ်းမျှအမှိုက်တန်ချိန် ၂,၅၀၀ လောက် ထွက်ပါတယ်။ ဒီရှိရင်းစွဲ အမှိုက်ပုံ လေးခု ကလည်း နေရာနဲ့အမှိုက်နဲ့ မဆန့်တော့တဲ့ ပြဿနာတွေ ကိုယ်စီရှိနေကြတာပါ။ ဒီတော့ လူနေထိုင်မှုမရှိသေးတဲ့ ရွှေပြည်သာရဲ့ မြေလွတ်တွေဟာ တရားမဝင် အမှိုက်ပစ်ဖို့ နောက်ထပ် နေရာကောင်းတစ်ခု ဖြစ်လာပါတယ်။
ရွှေပြည်သာမှာ အရင်တုန်းက အမှိုက်တွေ ဒီလောက်ထိ မများသေးပါဘူး။ ၂၀၂၁ နောက်ပိုင်းမှ အမှိုက်တွေက တောင်ပုံယာပုံ ဖြစ်လာခဲ့တာပါ။ ဒီအမှိုက်တွေအတွက် ရွှေပြည်သာအတွင်းမှာရှိတဲ့ စက်ရုံတွေက တာဝန်ရှိပေမဲ့လည်း စက်ရုံတွေကိုပဲ အလုံးစုံ အပြစ်တင်လိုက်လို့မရပါဘူး။
ဒီအမှိုက်တွေထဲမှာ Lidl ၊ Unico Penne Rigate ၊ Foremost ၊ Kasztelan ၊ Spomlek နဲ့ Oikos တို့လို တံဆိပ်တွေ ပါနေပါတယ်။ ဒီအမှတ်တံဆိပ်တွေက အနောက်နိုင်ငံတွေရဲ့ နာမည်ကြီးထုတ်ကုန်တွေပါ။ ထူးခြားတာက ဒီကုန်ပစ္စည်းတွေဟာ မြန်မာနိုင်ငံရဲ့ စူပါမားကတ်တွေမှာ မရနိုင်သလို မြန်မာနိုင်ငံထဲကို တင်သွင်းခြင်းလည်း မရှိပါဘူး။ ဒါပေမဲ့ မိုင်ပေါင်းထောင်သောင်းချီဝေးတဲ့ ကမ္ဘာ့အနောက်ဖက်ခြမ်းဆီက အမှိုက်တွေဟာ မြန်မာနိုင်ငံထဲကို ကုန်သွယ်မှုပစ္စည်းတစ်ခုအနေနဲ့ ရောက်လာခဲ့တယ်ဆိုတာကို နယ်သာလန်အခြေစိုက် Lighthouse Reports သတင်းဌာနက ခြောက်လကြာ စုံစမ်းအပြီးမှာ ဖော်ထုတ်နိုင်ခဲ့ပါတယ်။
အမှိုက်ကုန်သွယ်မှု
ကမ္ဘာမှာ ကုန်ပစ္စည်းမျိုးစုံ၊ ထုတ်ကုန်မျိုးစုံဟာ ကမ္ဘာပတ်ပြီး ကူးချည်သန်းချည် လှည့်ပတ်ကုန်သွယ်နေကြတာပါ။ အဲဒီကုန်သွယ်ရေးပစ္စည်းတွေထဲမှာ အမှိုက်တွေလည်း ပါပါတယ်။ တိတိကျကျပြောရရင် ပလတ်စတစ်စွန့်ပစ် အမှိုက်ကလည်း ကုန်သွယ်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။
ဒီနေ့ခေတ်ကမ္ဘာဟာ တစ်နှစ်ကို ပလတ်စတစ်အမှိုက်တန်ချိန် သန်းသုံးရာကျော် ထွက်ပါတယ်။ ဒီတော့ ဒါတွေကိုရှင်းဖို့ လိုလာပါတယ်။ အဲဒီလိုနဲ့ စွန့်ပစ်အမှိုက်တွေကို ပြန်လည်သန့်စင်အသုံးပြုနိုင်ဖို့အတွက် အမှိုက်ကုန်သွယ်မှုဆိုတာ ရှိလာပါတယ်။ အမှိုက်ပစ်ချင်တဲ့နိုင်ငံက ပြန်လည်သန့်စင်ပြီးအသုံးပြုမဲ့ လက်ခံနိုင်ငံတွေကို အမှိုက်တင်သွင်းတာဟာ အမှိုက်ကုန်သွယ်မှုပါ။
ကမ္ဘာမှာ စွန့်ပစ်ပလတ်စတစ်အမှိုက်တွေကို အများဆုံးလက်ခံတဲ့နိုင်ငံကတော့ တရုတ်နိုင်ငံပါ။ တရုတ်နိုင်ငံဟာ ၁၉၉၂ ကတည်းက ကမ္ဘာရဲ့ ၄၅ ရာခိုင်နှုန်းသောအမှိုက်တွေကို လက်ခံတင်သွင်းခဲ့ပါတယ်။ ဒီအမှိုက်တွေကို ပြန်လည်သန့်စင်ကျိုချက်ပြီး ပလတ်စတစ်ပြန်ထုတ်ပါတယ်။
ဒါပေမဲ့ ပြန်သန့်စင်လို့မရတော့တဲ့အမှိုက်တွေလည်း ပါတာကြောင့် သုံးမရတော့တဲ့အမှိုက်တွေကို စုပုံထားရပါတယ်။ ဒီအမှိုက်ပုံတွေဟာ အချိန်ကြာလာတာနဲ့အမျှ ပိုများလာတယ်။ လူတွေရဲ့ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုတွေ ရှိလာပါတယ်။ အဲဒါကြောင့် တရုတ်ဟာ ၂၀၁၇ မှာ အမှိုက်တင်သွင်းမှုကို တရားဝင် ပိတ်သိမ်းခဲ့ပါတယ်။
အမှိုက်ပုံဖြစ်လာတဲ့ မြန်မာ
တရုတ်က အမှိုက်တင်သွင်းခွင့်ပိတ်လိုက်တော့ နိုင်ငံတကာအမှိုက်တွေဟာ သူတို့ကိုလက်ခံမဲ့ နေရာတစ်ခု အသည်းအသန် လိုလာပါတယ်။
အမှိုက်တွေကို ပြန်လည်သန့်စင်သုံးစွဲဖို့ ခက်ခဲတာနဲ့ စွန့်ပစ်ဖို့အတွက် ကုန်ကျစရိတ်ကြီးတာကြောင့် အမှိုက်ကုန်သွယ်မှုဟာ အရှေ့တောင်အာရှနိုင်ငံတွေဘက် ဦးလှည့်လာပါတယ်။ အဲဒီအချိန်မှာ ဆင်းရဲပြီး၊ တရားဥပဒေစိုးမိုးမှု အားနည်းတဲ့ မြန်မာနိုင်ငံဟာ အမှိုက်ပုံလို့ ရမယ့် အကောင်းဆုံးနေရာ ဖြစ်လာပါတယ်။ တရုတ်ကို ပို့နေတဲ့အမှိုက်တွေဟာ မြန်မာနိုင်ငံထဲကို အလုံးအရင်းနဲ့ ဝင်လာပါတော့တယ်။
ကမ္ဘာ့အကြီးဆုံး ကုန်သွယ်မှုသတင်းအချက်အလက်ဆိုင်ရာ ဝက်ဘ်ဆိုဒ် ဖြစ်တဲ့ UN Comtrade ရဲ့ အဆိုအရတော့ ၂၀၁၇ ကနေ ၂၀၂၂ အတွင်း ကမ္ဘာ့နိုင်ငံတွေဆီကနေ မြန်မာနိုင်ငံထဲကို အမှိုက်တန်ချိန် ၁၁၄,၀၀၀ ကျော် ၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၇၀ ကျော်တန် အမှိုက်တွေ တင်ပို့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အာဏာသိမ်းမှုဖြစ်ပွားခဲ့တဲ့ ၂၀၂၁ခုနှစ် တစ်နှစ်တည်းမှာပဲ မြန်မာနိုင်ငံထဲကို နိုင်ငံတကာအမှိုက်တန်ချိန် ၇,၅၀၀ နီးပါး ဝင်ရောက်ခဲ့ပါတယ်။
အမှိုက်စီးဝင်ရာလမ်းကြောင်း
မြန်မာနိုင်ငံထဲကို ဝင်ရောက်လာတဲ့ နိုင်ငံတကာအမှိုက်လာရာလမ်းကြောင်းကို ကြည့်လိုက်တဲ့အခါ ထိုင်းနိုင်ငံ ဖြစ်နေပါတယ်။ ပလတ်စတစ်အမှိုက်တွေဟာ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားနှစ်စင်းကနေ တရားဝင် ဝင်ရောက်နေသလို သောင်ရင်းမြစ်တလျှောက် ဆိပ်ကမ်းတွေကနေလည်း တရားမဝင် ဝင်ရောက်နေပါတယ်။
ထိုင်းမှာ လက်ရှိကျင့်သုံးနေတဲ့ တဆင့်ခံကုန်သွယ်မှု သဘောတူညီချက်များအရ တတိယနိုင်ငံကိုပို့မယ့် ကုန်ပစ္စည်းတွေကို ထိုင်းနိုင်ငံထဲ တင်သွင်းနိုင်ရုံတင်မကဘဲ၊ ထိုင်းနိုင်ငံအတွင်း နေရာအနှံ့အပြားကိုတောင် သယ်ယူရွှေ့ပြောင်းနိုင်ခွင့် ရှိပါတယ်။ အဲဒီကတစ်ဆင့် ကုန်ပစ္စည်းလက်ခံမယ့် တတိယနိုင်ငံကို တင်ပို့ပါတယ်။ ဒါကြောင့် နိုင်ငံတကာက စွန့်ပစ်ပစ္စည်းတွေကို မြန်မာနိုင်ငံထဲ ပို့နိုင်ဖို့အတွက် ထိုင်းက အသင့်တော်ဆုံးကြားခံနိုင်ငံ ဖြစ်လာပါတယ်။ ဒီနည်းလမ်းဟာ ကုန်ပစ္စည်းလာရာလမ်းကြောင်းကိုလည်း လက်စဖျောက်နိုင်ပါတယ်။
ထိုင်းကနေတစ်ဆင့် မြန်မာနိုင်ငံထဲကို အမှိုက်တင်ပို့နေတာ ၂၃ နိုင်ငံ ရှိပါတယ်။ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားလို့ အာရှ အင်အားကြီးနိုင်ငံတွေပါသလို အမေရိကန်၊ အင်္ဂလန်၊ ဂျာမနီ ၊ စပိန်တို့လို အင်အားကြီးအနောက်နိုင်ငံတွေလည်း ပါပါတယ်။
ဒီနိုင်ငံတွေထဲမှာ အမေရိကန်ကလွဲလို့ ကျန်နိုင်ငံတွေအားလုံးက ဘေဆယ်လ်ကွန်ဗင်းရှင်းကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေပါ။
ဘေဆယ်လ်ကွန်ဗင်းရှင်း
ဘေဆယ်လ်ကွန်ဗင်းရှင်း ( Basel Convention ) ဆိုတာ အပြည်ပြည်ဆိုင်ရာ စွန့်ပစ်ပစ္စည်းများကုန်သွယ်မှုကို ထိန်းချုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ သဘာတူစာချုပ်ပါ။ ဒီစာချုပ်ကို အမေရိကန်၊ တီမော၊ ဖီဂျီ နဲ့ တောင်ဆူဒန်ကလွဲပြီး ကျန်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအကုန်က သဘောတူကြောင်း လက်မှတ်ရေးထိုးထားပါတယ်။
သဘောတူစာချုပ်ရဲ့ ပြင်ဆင်ချက်အသစ်မှာ ဘေးအန္တရာယ်ဖြစ်စေတဲ့ ပလတ်စတစ်အမှိုက်တင်ပို့မှုကို ပိတ်ပင်ထားပါတယ်။ ရောနှောအမှိုက်တွေကို တင်ပို့မယ်ဆိုရင်လည်း စနစ်တကျစွန့်ပစ်နိုင်တဲ့ နိုင်ငံတွေကိုပဲ တင်ပို့ရပါတယ်။ မပို့ခင်မှာလည်း လက်ခံနိုင်ငံတွေကို ကြိုတင်အကြောင်းကြားရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ ပါပါတယ်။
ဒါပေမဲ့ မြန်မာနိုင်ငံထဲ ဝင်လာတဲ့ နိုင်ငံတကာအမှိုက်တွေကတော့ ဘေဆယ်လ်ကွန်ဗင်းရှင်းရဲ့ သတ်မှတ်ချက်တွေနဲ့ တစ်ခုမှ ကိုက်ညီမနေပါဘူး။ မြန်မာနိုင်ငံရဲ့တည်ဆဲဥပဒေအရကြည့်မယ်ဆိုရင်လည်း ဒီအမှိုက်တွေက တရားမဝင်ပါဘူး။
၂၀၁၉ ခုနှစ် ဒီမိုကရေစီအစိုးရလက်ထက်မှာ ပလတ်စတစ်အမှိုက်တွေကို သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်ပစ္စည်းစာရင်းထဲကို ထည့်လိုက်ပြီး ကုန်သွယ်ခွင့်ကို ပိတ်ခဲ့ပါတယ်။ ပြန်လည်သန့်စင်ထုတ်လုပ်မယ့် လိုင်စင်ရ ပလတ်စတစ်လုပ်ငန်းတွေအတွက် ကန့်သတ်ချက်နဲ့ တင်သွင်းခွင့်ပေးခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဒီကုန်သွယ်ခွင့်ဟာ အသက်မဲ့သလို ဖြစ်သွားပါတယ်။ တင်သွင်းခွင့်လိုင်စင်ရ ကုမ္ပဏီတွေကိုလည်း လူသိရှင်ကြား ထုတ်ဖော်ကြေညာတာမျိုး မရှိတော့ပါဘူး။ လုပ်ငန်းအရေအတွက် ဘယ်လောက်ရှိပြီး ဘယ်လောက်မှာယူတင်သွင်းနေတယ်ဆိုတဲ့ စာရင်းဟာ လေထဲအရုပ်ရေးသလို ပျောက်သွားပါတယ်။
ဒါကြောင့် တရားမဝင်ဘူးလို့ ပိတ်ပင်ထားတဲ့ကုန်သွယ်ခွင့်ဟာ ပေါ်ပေါ်ထင်ထင်လှုပ်ရှားလာပြီး တရားဝင်သလို ဖြစ်လာပါတယ်။
နိုင်ငံတကာအမှိုက်များ၏ လမ်းဆုံးရပ်
မြန်မာနိုင်ငံထဲကို ဝင်လာတဲ့ နိုင်ငံတကာစွန့်ပစ်အမှိုက်တွေက နိုင်ငံတွင်းမှာရှိတဲ့ ပြန်လည်သန့်စင်စက်ရုံတွေဆီ ရောက်သွားကြတာတော့ မှန်ပါတယ်။ ဒေသတွင်းက ပလတ်စတစ်စက်ရုံတွေကလည်း ပြည်တွင်းစွန့်ပစ် အမှိုက်တွေထက် နိုင်ငံတကာက အရည်အသွေးမြင့်တဲ့ စွန့်ပစ်အမှိုက်တွေကို ပိုပြီးလိုချင်ကြပါတယ်။ ဒေသတွင်းလုပ်ငန်းရှင်တွေဟာ တင်သွင်းလာတဲ့စွန့်ပစ်အမှိုက်တွေကို ကွန်တိန်နာလိုက် ဝယ်ယူရတာပါ။ အကုန်ရောနှောပါလာတာဖြစ်လို့ တင်သွင်းသမျှစွန့်ပစ်ပစ္စည်းတိုင်းကို ပြန်လည်သန့်စင်ပြီး သုံးလို့မရပါဘူး။ ဒီတော့ လုပ်ငန်းရှင်တွေဟာ မီးရှို့တာ၊ မြေမြုပ်တာနဲ့ စွန့်ပစ်တာကို လုပ်ရပါတယ်။ မီးရှို့တာနဲ့ မြေမြှုပ်တာကို ၁၀ ရာခိုင်နှုန်းလောက်ပဲ လုပ်နိုင်ပြီး အများစုကိုတော့ အမှိုက်ပုံမှာပဲ စွန့်ပစ်ပါတယ်။ စွန့်ပစ်မယ်ဆိုရင်လည်း စည်ပင်ကို လစဉ်ကြေးပေးပြီးမှ စွန့်ပစ်ခွင့်ရှိပါတယ်။
အာဏာသိမ်းမှုနောက်ပိုင်းမှာတော့ ကြီးကြပ်မှုအားနည်းတာ နဲ့ အဂတိလိုက်စားမှုတွေကြားမှာ ရွှေပြည်သာရဲ့ မြေလွတ်တွေဟာ အမှိုက်ပုံလို့ရတဲ့နေရာတွေ ဖြစ်လာပါတယ်။ အမှိုက်တွေအများဆုံးရှိနေတဲ့ ရပ်ကွက်တွေကတော့ အမှတ် ( ၁၁ ) ရပ်ကွက်နဲ့ အမှတ် ( ၂၇ ) ရပ်ကွက်ပါ။ အဲဒီရပ်ကွက်တွေက နေထိုင်သူတွေကိုလည်း ကိုယ့်အိမ်ပတ်ဝန်းကျင်မှာ အမှိုက်သရိုက်စွန့်ပစ်မယ်ဆိုတာကို သိရှိနားလည်လက်ခံပါကြောင်းဆိုပြီး အာဏာပိုင်တွေက ဖိအားပေးပြီး လက်မှတ်ထိုးခိုင်းပါတယ်။
ပလတ်စတစ်ရဲ့သဘောတရားအရ မြေနဲ့ရေထုကြားမှာ နေရတဲ့အချိန်ကြာလာလေ အဆိပ်ဖြစ်လာလေပါပဲ။ အာဏာသိမ်းကာလနောက်ပိုင်း နှစ်နှစ်အတွင်းမှာပဲ အမှိုက်တွေကနေပေးတဲ့ ဆိုးကျိုးတွေကို ဒေသခံတွေ ခံစားလာခဲ့ရပါတယ်။ အမှိုက်တွေကြောင့် ရေမြောင်းပိတ်ဆို့မှုတွေဖြစ်ပြီး ရေဝပ်တာ၊ မိလ္လာစနစ်ပျက်စီးတာ၊ မြေအောက်ရေ ပျက်စီးတာမျိုးတွေ ရှိလာပါတယ်။ ရေအရည်အသွေးကျဆင်းလာမှုကြောင့် အရေပြားယားယံတာမျိုးတွေနဲ့ အရေပြားဆိုင်ရာရောဂါတွေ ဖြစ်လာပါတယ်။
အဓိကပြဿနာကတော့ အမှိုက်ပုံတွေကလာတဲ့ ဆိုးရွားတဲ့အနံ့အသက်ပါပဲ။ နေ့စဉ်လိုလို ဆိုးရွားတဲ့အနံ့ကို ရှူရှိုက်နေရတာဟာ ရေရှည်မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးကို အပြင်းအထန် ဒုက္ခပေးလာနိုင်ပါတယ်။ မြေနဲ့ရေထုကြားမှာ စိမ့်ဝင်ပျံ့နှံ့နေပြီဖြစ်တဲ့ ဓာတုဓာတ်ပြုမှုတွေကနေ ကင်ဆာလို ရောဂါတွေလည်း ရလာနိုင်ပါတယ်။
ဒီလိုအန္တရာယ်ရှိ ပတ်ဝန်းကျင်တစ်ခု ဖြစ်လာတဲ့ ရွှေပြည်သာအမှိုက်ပုံတွေအတွက် ဘယ်သူကမှ တာဝန်ယူပေးမှု မရှိပါဘူး။ အမှိုက်တင်ပို့တဲ့ကုမ္ပဏီတွေနဲ့ သက်ဆိုင်ရာနိုင်ငံတွေက ဒီကိစ္စကို သူတို့မသိသလိုမျိုး ရေငုံနှုတ်ဆိတ်နေပါတယ်။ ဒီလိုပဲ ကိုယ်အကျိုးစီးပွားအတွက် တင်သွင်းကြတဲ့ ကုမ္ပဏီတွေကလည်း ဒီကိစ္စကို သူတို့နဲ့မဆိုင်သလို မျက်နှာလွှဲနေကြပါတယ်။
ကိုယ့်နိုင်ငံအတွင်းမှာတော့ ပလတ်စတစ်နဲ့ပတ်သက်ပြီး တင်းကျပ်တဲ့ဥပဒေတွေ ထုတ်ထားပေမဲ့ မြန်မာနိုင်ငံထဲကိုတော့ တစ်ဆင့်ခံကုန်သွယ်မှုနဲ့ ပေးပို့နေတဲ့ ထိုင်းနိုင်ငံကလည်း သူတို့မှာ တာဝန်မရှိကြောင်း ငြင်းဆိုထားပါတယ်။ အဓိကတာဝန်ရှိသူဖြစ်တဲ့ မြန်မာစစ်ကောင်စီကလည်း ဒါကို လုံးလုံးလျားလျား မျက်ကွယ်ပြုထားပါတယ်။
နိုင်ငံတကာက ကုမ္ပဏီကြီးတွေဟာ သူတို့ရဲ့အမှိုက်တွေကို ရှင်းပစ်ဖို့အတွက် အမှိုက်ပစ်လို့ရမယ့်နေရာ လိုနေပါတယ်။ အဲဒီအချိန်မှာပဲ မြန်မာနိုင်ငံဟာ ဆင်းရဲပြီး အဘက်ဘက်ကယိုင်နဲ့နေပါတယ်။ နိုင်ငံတွင်း တရားဥပဒေစိုးမိုးမှု လျော့နည်းနေတဲ့အပြင်၊ ပဋိပက္ခနဲ့ မငြိမ်သက်မှုတွေကြောင့် နိုင်ငံတကာအမှိုက်တွေဟာ ရွှေပြည်သာကို ဆက်ပြီးအမြတ်ထုတ်နေအုံးမှာပါ။ ဒါပေမဲ့ ရွှေပြည်သာက နိုင်ငံတကာစွန့်ပစ်အမှိုက်တွေက ရွှေပြည်သာရဲ့ပြဿနာတင်မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ ပြဿနာဖြစ်လာပါတယ်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာစောင့်ကြည့်သူတွေ၊ ပညာရှင်တွေ၊ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အမှိုက်ကုန်ကူးမှုကို စုံစမ်းဖော်ထုတ်ခဲ့တဲ့ Lighthouse Reports တို့က ဒီကိစ္စကို အကျယ်တဝင့် ထုတ်ဖော်ပြောဆိုခဲ့ပေမဲ့ ထင်သာမြင်သာရှိတဲ့ လုပ်ဆောင်ချက် တစ်ခုတလေတောင်မှ ထွက်ပေါ်လာခဲ့ခြင်း မရှိပါဘူး။
အမှိုက်ပုံတွေကြားထဲမှာ ရွှေပြည်သာလူထုဟာ မလူးသာမလွန့်သာ နေထိုင်နေရဆဲ ဖြစ်ပါတယ်။ သူတို့တွေအနေနဲ့ အမှိုက်ပြဿနာကို စောဒကမတက်ရဲပါဘူး။ စစ်ကောင်စီရဲ့ မျက်မာန်ရှမှု နဲ့ ကိုယ်အိမ်ရှေ့အမှိုက်လာပစ်မယ့်အရေးမှာ အမှိုက်ကိုရွေးရုံကလွဲပြီး သူတို့မှာ အခြားရွေးချယ်စရာ မရှိပါဘူး။
ပတ်စ်ပို့မလို၊ ဗီဇာမလို ၊ ခွင့်ပြုချက်မလိုဘဲ အုံလိုက်ကျင်းလိုက် ရွှေ့ပြောင်းလာတဲ့ နိုင်ငံတကာအမှိုက်ပုံတွေကြားထဲမှာ ရွှေပြည်သာဟာ ရွှေပြည်မသာနိုင်တော့ဘဲ ဖြစ်နေရပါတော့တယ်။
နုသစ်မိုး(Y3A)
Read More:
 Build Myanmar - MediaY3A
Build Myanmar - MediaY3A
 Build Myanmar - MediaY3A
Build Myanmar - MediaY3A
Build Myanmar-Media : Insights | Empowering Myanmar Youth, Culture, and Innovation
Build Myanmar-Media Insights brings you in-depth articles that cover the intersection of Myanmar’s rich culture, youth empowerment, and the latest developments in technology and business.
Sign up for Build Myanmar - Media
Myanmar's leading Media Brand focusing on rebuilding Myanmar. We cover emerging tech, youth development and market insights.
No spam. Unsubscribe anytime.
Sign up now to get the latest insights directly to your mailbox from the Myanmar's No.1 Tech and Business media source.
📅 New content every week, featuring stories that connect Myanmar’s heritage with its future.
📰 Explore more:
- Website: https://www.buildmyanmarmedia.com/
- Facebook: https://www.facebook.com/buildmyanmar
- YouTube: https://youtube.com/@buildmyanmarmedia
- Telegram: https://t.me/+6_0G6CLwrwMwZTIx
- Inquiry: info@buildmyanmar.org
#BuildMyanmarNews #DailyNewsMyanmar #MyanmarUpdates #MyanmarNews #BuildMyanmarMedia #Myanmarliterature #myanmararticle #Updates #Insights #Media
