
မြန်မာမှာ ဆင် လို့ ဆိုလိုက်တာနဲ့ ဆင်မကြီး “မိုမို” ကို ပြေးမြင်ကြတာ အစဉ်အလာလိုတောင် ဖြစ်နေပါပြီ။ ဆင်မကြီး “မိုမို”ဟာ ဒီနေ့ဒီအချိန် အသက် ၇၀ ကျော်အရွယ်အထိ ကလေးတိုင်းရဲ့ အချစ်တော် ဖြစ်နေဆဲပါ ။ လူနဲ့ အင်မတန် နီးကပ်ပြီး အင်မတန် ယဉ်ကျေးတဲ့ ဆင်မကြီးဖြစ်လို့လည်း လူထုမေတ္တာရနေဆဲ ဖြစ်ပါတယ်။ တကယ်တော့ မိုမိုက တခြားသော ဆင်များလိုပဲ ပြုပြင်ထိန်းသိမ်းခံထားရတဲ့ ပီဘိတောရိုင်းဆင်ပါ။ မိုမိုကို တောတွင်းတစ်နေရာကနေ ဆင်ဦးစီးတွေက ကောက်ယူမွေးစားခဲ့တာပါ။ ဆင်အုပ်နဲ့ အဖော်ကွဲလာတဲ့ ဆင်မလေးတစ်ကောင်ကနေ နိုင်ငံအသည်းကျော်ဖြစ်လာတာကလည်း သူ့ရဲ့ ကံတရားလို့ ပြောရမှာပါပဲ။
သဘာဝအတိုင်း နေထိုင်ရှင်သန်ခွင့်မရဘဲ လူတွေရဲ့ ကျုံးသွင်းခြင်းခံရပြီး ကွန်ကရစ်တောအုပ်မှာ ရှင်သန်လာခဲ့ရလို့ သူ့ရဲ့ မွေးရာပါ အခွင့်အရေးတွေ ဆုံးရှုံးရတယ်လို့ ထင်စရာရှိပေမဲ့ ဒီနေ့ဒီအချိန် အသက် ၇၀ ကျော်ထိ အသက်ရှင်နေခွင့်ရတာ ကံထူးတယ်လို့ ပြောလို့လည်း ရနေပြန်ပါတယ်။ မိုမိုသာ တောရိုင်းဆင်မလေးအဖြစ် နေထိုင်သွားရမယ်ဆိုရင် သူ့သဘာဝအတိုင်း လွတ်လပ်စွာ ရှင်သန်လို့ ရနိုင်ပေမဲ့ သူ့ရဲ့အသက်ရှင်မှုမှာတော့ အန္တရာယ်ပေါင်းစုံ ဝန်းရံနေပါလိမ့်မယ်။

ငလျင်ဘေးကို Build Myanmar နဲ့ အတူကူပါ
မြန်မာနိုင်ငံသားတွေ ကြုံတွေ့ခံစားနေရတဲ့ ငလျင်ဘေးကို Build Myanmar နဲ့အတူ နိုင်ငံတကာမှာ ရှိနေသူတွေ ပါဝင်ကူညီဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ လောလောဆယ် ရန်ပုံငွေတစ်ရပ် ထူထောင်ထားတာကို ပါဝင်ဖို့ ပုံမှာပါတဲ့ QR code ကို စကင်န်ဖတ်ပါ။
ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံက တောဆင်ရိုင်းတွေဟာ နှစ်ပတ်မှာ တစ်ကောင်နှုန်း သေဆုံးနေရပါတယ်။ အိန္ဒိယပြီးရင် မြန်မာဟာ တောရိုင်းဆင်အများဆုံး ပိုင်ဆိုင်တဲ့နိုင်ငံ ဖြစ်ခဲ့ပေမဲ့ နှစ်ပတ် တစ်ကောင်နှုန်းနဲ့ သေဆုံးနေရရင်တော့ ဒီပိုင်ဆိုင်မှုဟာ မကြာခင် စာရင်းပျောက်နိုင်တဲ့ အနေအထားကို ရောက်လာနိုင်ပါတယ်။ မဝေးတော့တဲ့ကာလမှာ ဆင် ဆိုတာ အရုပ်ရေးပြရတော့မယ်ဆိုရင် အနာဂတ်မျိုးဆက်တွေအတွက် မတရားမှုတစ်ခုပါပဲ။
မြန်မာ့တောဆင်ရိုင်းတွေ ဘာကြောင့် အသတ်ခံနေရတာလဲ
မြန်မာနိုင်ငံမှာ ဆင်တစ်ကောင်ကြောင့် လူ သေဆုံးတယ်ဆိုတာထက် လူကြောင့် ဆင်တစ်ကောင် သေဆုံးဖို့က ပိုပြီး နီးစပ်လွန်းပါတယ်။ မြန်မာ့ တောဆင်ရိုင်းတွေ အဓိက သတ်ဖြတ်ခံနေရတဲ့ အကြောင်းကတော့ အမဲလိုက်မှုကြောင့်ပါ။ အရေခွံနဲ့ အစွယ် ရောင်းဝယ်ဖောက်ကားတဲ့ ဈေးကွက်ကြီးထွားလာတာကြောင့်လည်း ဆင်တွေဟာ သတ်ဖြတ်ခံနေရပါတယ်။
ဆင်စွယ်ဈေးကွက်ဟာ တရားမဝင်တည်ရှိနေခဲ့တာ ကြာခဲ့ပြီဖြစ်ပေမဲ့ ဆင်အရေခွံဈေးကွက်ကတော့ သိပ်မကြာသေးပါဘူး။ ဆင်စွယ်တွေကို ထွင်းထုပြီး အလှဆင်ဖို့အတွက် တရုတ်ကို တင်ပို့ရောင်းချသလို ဆင်အရေခွံ ကလည်း တရုတ်ကိုပဲ တင်ပို့တာပါပဲ။ ဆင်အရေခွံကို အမှုန့်လုပ်ပြီး ဆေးအဖြစ်သုံးသလို အလှပုတီးကုံးအဖြစ်လည်း ရောင်းချနေကြပါတယ်။
ခွာပြီးသား ဆင်အရေခွံဟာ တစ်လက်မ အထူ ရှိပါတယ်။ အဲဒါကို အတုံးလေးတွေတုံး၊ အခြောက်ခံပြီး အချောသတ်လိုက်တဲ့အခါ ပုတီးလုံးတွေဖြစ်လာပါတယ်။ ပတ္တမြားလို နီညိုရောင်သမ်းနေတဲ့ ဆင်အရေခွံပုတီးလုံးတွေကို ရောင်းချနေတဲ့ ဈေးကွက်ဟာ အခိုင်အမာရှိနေပါပြီ။ လူတွေရဲ့ ကြောက်စရာကောင်းတဲ့ လောဘကြောင့် အပြစ်မဲ့ဆင်တွေရဲ့ အသက်တွေ ပေးဆပ်နေရပါတယ်။
ဆင်တွေဟာ သူတို့ရဲ့အစွယ်ကြောင့် အရင်တုန်းက သတ်ဖြတ်ခံရပြီး အစွယ်ရှိတဲ့ ဆင်ထီးတွေသာ အဓိက သတ်ဖြတ်ခံခဲ့ရတာပါ။ ဒါပေမဲ့ အခုတော့ ဆင်တွေဟာ အရေခွံ အတွက်ပါ သတ်ဖြတ်ခံလာရပြီး အဲဒီလို သတ်ဖြတ်ခံရတဲ့အထဲမှာ ဆင်မတွေနဲ့ ဆင်ငယ်လေးတွေပါ ပါဝင်လာပါတယ်။ ဒါဟာ မျိုးပွားမှုအတွက် ခြိမ်းခြောက်မှုတစ်ခုဆိုလည်း မမှားပါဘူး။
မြန်မာ့တောရိုင်းဆင်တွေ ဘယ်လောက်ကျန်သေးလဲ
စစ်တမ်းကောက်ယူမှုတွေအရ လွတ်လပ်မရခင် ၁၉၄၁ တုန်းက မြန်မာနိုင်ငံမှာ တောဆင်ရိုင်းအကောင်ရေ တစ်သောင်းကျော် ရှိခဲ့ပါတယ်။ လက်ရှိ တောဆင်ရိုင်းတွေရဲ့ အကောင်အရေအတွက်ကို စာရင်းကောက်ယူထားတာမျိုး မရှိပေမဲ့ ၂၀၁၈ ခုနှစ် စာရင်းအရတော့ အကောင်ရေ ၂,၀၀၀ လောက်သာ ရှိပါတော့တယ်။ ဒါပေမဲ့ စစ်တမ်းတွေအရ နှစ်ပတ်မှာ တစ်ကောင်နှုန်း သေဆုံးနေရပါတယ်။ ဒါက သစ်တောဝန်ထမ်းတွေရဲ့ တွေ့ရှိမှုစစ်တမ်းအရ သိရတာတွေဖြစ်လို့ အထောက်အထားမဲ့ သတ်ဖြတ်ခံနေရတဲ့ ဆင်အရေအတွက် ဘယ်လောက်ရှိမယ်ဆိုတာကို မသိရပါဘူး။
မြန်မာ့ဆင်တွေရဲ့ ပျှမ်းမျှသက်တမ်းက အနှစ် ၆၀ ပါ။ ဆင်တွေရဲ့ ကိုယ်ဝန်ဆောင်ချိန်က ၂၂ လ ကြာပါတယ်။ ဒါကြောင့် ဆင်မ တစ်ကောင်ဟာ သူ့သက်တမ်းတလျှောက်လုံးမှာ အလွန်ဆုံး ခြောက်ကြိမ်ထိပဲ ကိုယ်ဝန်ဆောင်နိုင်ပါတယ်။ တစ်ခါ ကိုယ်ဝန်ဆောင်ရင် တစ်ကောင်ပဲ မွေးနိုင်ပါတယ်။ ဒါကြောင့် နှစ်ပတ်တစ်ကောင်နှုန်း သေနေတယ်ဆိုတဲ့ အချိုးအဆအတိုင်းသာဆို မြန်မာ့ဆင်တွေဟာ မျိုးသုဉ်းဖို့ အလွန်နီးကပ်နေပြီတဲ့ အချက်ပြမှုကို မြင်ရပါလိမ့်မယ်။
ဆင်တွေဟာ အမဲလိုက် မုဆိုးတွေကြောင့် အဓိကသေဆုံးနေရတယ်ဆိုပေမဲ့ စားကျက်မြေရှားပါးလာမှုကလည်း သူတို့ရဲ့ အသက်ရှင်မှုကို ခြိမ်းခြောက်နေတဲ့ အရာပါပဲ။ ဒါတွေကလည်း လူကြောင့် ဖြစ်ရတဲ့ ဒုက္ခတွေပါပဲ။
စားကျက်ပြဿနာ
တောဆင်ရိုင်းတွေဟာ သူတို့ရဲ့ စားကျက်မကောင်းတော့ရင် နောက်ထပ် စားစရာရှိတဲ့နေရာကို ရွှေ့တတ်ကြပါတယ်။ တောထဲမှာ နေထိုင်စရာ သစ်တောနည်းပါးလာတာနဲ့ စားကျက်မြေ ပျောက်ဆုံးတာတွေကြောင့် ဆင်တွေဟာ စားကျက်မြေအသစ်တွေ ရှာဖွေရင်း လူတွေအနီးအပါးကို ရောက်လာတတ်ပါတယ်။
This post is for Supporters Only
Join our supporter community for free to access all stories and exclusive content. Your support helps deliver quality journalism.
Already a member? Sign in